စစ်တွေ မတ် ၈
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ စစ်တွေမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိကြသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ခရီးစဉ်တွင် လိုက်ပါလာသည့် သံတမန်လေ့လာရေးအဖွဲ့မှ ကိုယ်စားလှယ်များကို ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာ၌ တွေ့ဆုံ၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။
ထိုသို့ တွေ့ဆုံရှင်းလင်းရာတွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က အဖွင့်အမှာစကားပြောကြားပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ Pilot Project အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အခြေအနေနှင့် ပြည်နယ်အတွင်းရှိ IDP စခန်းများအတွက် ပံ့ပိုးဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိကြရာ စခန်းတာဝန်ခံက စခန်းအတွင်း ပြန်လည်လက်ခံနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြန်လည်လက်ခံရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ စခန်းအတွင်း လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့နယ် ငါးခူရအခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူများ ကျောင်း သင်ခန်းစာများကို အဆင်ပြေချောမွေ့စွာ သင်ကြားနိုင်ရန်အတွက် တစ်ပတ်လျှင်နှစ်ရက်နှုန်းဖြင့် ကျောင်းသင်ခန်းစာများ သင်ကြားပို့ချနေမှုနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူမှုဘဝရပ်တည်နိုင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့် အခြေခံအပ်ချုပ်သင်တန်းနှင့် ဇာထိုးချည်ထိုးသင်တန်းတွင် သင်ကြား နေမှုများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှ ဆက်လက်ထွက်ခွာကြရာ လှဖိုးခေါင် ယာယီနေရာချထားရေးစခန်းသို့ ရောက်ရှိကြပြီး စခန်းအတွင်း ပြန်လည်လက်ခံရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို လိုက်လံကြည့်ရှုကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေမြို့ရှိ သဲချောင်းဈေး၊ ဒါးပိုင် IDP စခန်းနှင့် သက္ကေပြင် IDP စခန်းတို့ကို လှည့်လည်ကြည့်ရှုကြသည်။
သတင်းစဉ်