တံတားဦး ဩဂုတ် ၉
မန္တလေးတိုင်းဒသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်သည် ယနေ့နံနက် (၁၀)နာရီကခွဲအချိန်က တံတားဦးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက်ဝန်ကြီးသည် တံတားဦးမြို့နယ် အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ ဟံသာဝတီကျေးရွာ၊ မီးသွေးတိုက်ကျေးရွာ၊ ပန်းယျ ကျေးရွာနှင့် စကားအင်းကျေးရွာများသို့ သွားရောက်ပြီး ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကြေညာထားမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ၂၀၂၀-ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအတွက် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ ပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေး၊ အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ဆေးကတ်ပြားမရှိသူများကို အချိန်မီပြီးစီးအောင် လုပ်ဆောင်ပေးရေး တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် ရပ်ကွက်ကြီး(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၁)အုပ်စု၊ စုစုပေါင်း(၆၄) အုပ်စုတွင် မဲရုံပေါင်း(၂၀၄)ရုံ၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူပေါင်း (၁)သိန်းကျော်ရှိပါကြောင်း၊ ဒါ့အပြင် ပြင်ဆင် ရန်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း ဩဂုတ်လ(၇)ရက်နေ့ ညနေပိုင်းအထိ မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၃၉၉ဦး မဲစာရင်းနှင့် စပ်လျဉ်း သည့် ကန့်ကွက်လွှာ ပုံစံ(၄)ဖြင့် လျှောက်ထားသူ ၁၂၇ ဦး ၊ မဲစာရင်းနှင့် ပတ်သက်သည့် ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ ၁၈၄ ဦးပါကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်ထံမှ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)