Skip to main content

အသေးစားငွေရေးကြေးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိ

နေပြည်တော်  မတ်  

အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ (/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့်  အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဝင်ငွေနည်းပြည်သူများနှင့် MSME  များ ငွေကြေးဝန်ဆောင်မှုရရှိ

အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏   အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍကို ၂၀၁၁ ခုနှစ်တွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေပြဋ္ဌာန်း၍ စတင်ဆောင်ရွက်ခဲ့ပြီး ဝင်ငွေနည်းပြည်သူများနှင့် MSME များအတွက် ကောင်းမွန်သော ငွေကြေးဝန်ဆောင်မှုရရှိစေခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကို ထိရောက်သော အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်မှစ၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်မှစ၍ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်အနည်းငယ် ကျဆင်းခဲ့သော်လည်း ငွေကြေးဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများမှာ ရပ်တန့်မှုမရှိဘဲ လည်ပတ်ဆောင်ရွက်နိုင်သည့်အခြေအနေ ရှိခဲ့ကြောင်း၊ ကြီးကြပ်မှုကော်မတီအနေ ဖြင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက်   ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများရှိ အသင်းဝင်များ၏ လူမှုစီးပွားရေးနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ တုံ့နှေးကျဆင်းခဲ့ပြီး အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းများရှိ အသင်းဝင်များ၏ ချေးငွေပြန်လည်ပေးဆပ်မှု နောက်ကျခြင်းများကြောင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအား ထိခိုက်မှုလျော့နည်းသက်သာစေရန် ချေးငွေဆုံးရှုံးမှု လျာထားချက်ကို ဖြေလျှော့သတ်မှတ်ပေးရန်ကိစ္စနှင့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများရှိ အသင်းဝင်များ၏ ဆန္ဒအလျောက် စုဆောင်းငွေ တိုးမြှင့်ခွင့်ပြုရေးအတွက်     ညွှန်ကြားချက်ထုတ်ပြန်ရန်ကိစ္စတို့အား တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က  အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု၊ INGO NGO အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းမှု၊ အသင်းသားတစ်ဦးချင်း အများဆုံးစုဆောင်းနိုင်သည့် ဆန္ဒအလျောက် စုဆောင်းငွေပမာဏ သတ်မှတ်ရေး ညွှန်ကြားချက်ထုတ်ပြန်ရန် ဆောင်ရွက်မှု၊ ချေးငွေအတန်းအစားခွဲခြားခြင်းနှင့်  ချေးငွေဆုံးရှုံးမှု လျာထားခြင်းနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်ထုတ်ပြန်ရန် ဆောင်ရွက်မှုအပါအဝင် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ အတည်ပြုဆုံးဖြတ်ရန်ကိစ္စများနှင့်  မှတ်တမ်းတင်ရန် ကိစ္စများကို ရှင်းလင်းတင်ပြသည်။

ဖြည့်စွက်ဆွေးနွေး

မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းမှ တာဝန်ရှိသူများက ချေးငွေရယူရာတွင် တွေ့ကြုံနေရသည့် အခက်အခဲ၊ အသင်းသားများသို့ ချေးငွေထုတ်ချေးမှုနှင့်  ပြန်လည်ကောက်ခံမှု၊ အသင်းဝင်များ၏အချက်အလက်များကို အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းများ အချင်းချင်းဖလှယ်ရေး အခြေအနေများကို ကော်မတီအစည်းအဝေးသို့ ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍  အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်  ဆင်းရဲမှုလျှော့ချရေးအတွက် အရေးပါပြီး ဝင်ငွေနည်း ပြည်သူများနှင့် MSME များအတွက်   အဓိကငွေကြေးဝန်ဆောင်မှုပေးနေသည့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများအနေဖြင့် စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ငွေကြေးဝန်ဆောင်မှုမှတစ်ဆင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏လူမှု စီးပွားရေးဘဝ တိုးတက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ   စည်းစနစ်ကျနစွာဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်  လိုအပ်ကြောင်း ပြောကြားသည်။

ငွေကြေးဝန်ဆောင်မှုများပေးလျက်ရှိ

မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ အသေးစားငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီ စုစုပေါင်း ၁၈၁ ဖွဲ့တို့မှ တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခု၊ မြို့နယ်ပေါင်း ၂၆၆ မြို့နယ်၊ ရပ်ကွက် ၂၃၀၂ ရပ်ကွက်၊ ကျေးရွာပေါင်း ၂၇၆၆၁ ရွာရှိ  အသင်းဝင်ဦးရေ    ဒသမ ၉၇၂ သန်းကို ငွေကြေးဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။                 

သတင်းစဉ်