နေပြည်တော် မတ် ၈
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်းများ၏ မိသားစုဝင် သား/သမီးများ ယဉ်ကျေးလိမ္မာသင်တန်း၊ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီနှင့်ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ/အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် သင်တန်းတက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပေးရခြင်းမှာ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်းများ၏ မိသားစုဝင် သား/သမီးများ ယဉ်ကျေးလိမ္မာပြီး အကျင့်စာရိတ္တမဏ္ဍိုင် မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးသည့် လူတော်/လူကောင်းများ ဖြစ်ပေါ်လာစေရန်၊ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်း တတ်စေရန်နှင့် အခြေခံကိုယ်ကျင့်တရားကောင်းများ သိရှိလိုက်နာကျင့်သုံးတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မှာကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဦးဆောင်အဖွဲ့ဝင်များသည် သင်တန်းတက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများ၏ မိသားစုဝင် သား/သမီး၊ ကျောင်းသား ကျောင်းသူများအနက် Grade(2) မှ Grade(12) အထိ စုစုပေါင်း ၄၆၉ ဦးကို တန်းခွဲ လေးခုခွဲ၍ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၈ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်