မြန်မာနိုင်ငံသည် သဘာဝသယံဇာတများပေါများကြွယ်ဝပြီး ရေခံမြေခံ ကောင်းမွန်သည့်နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများ ပေါများပြီး သစ်တောနှင့် တွင်းထွက်သယံဇာတပစ္စည်းများကို အဆက်မပြတ် ထုတ်ယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းပြီး သဘာဝသယံဇာတ ပေါများကြွယ်ဝသော်လည်း တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် စီးပွားတိုးတက်ရေးတို့တွင် လိုအပ်ချက်များရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
တိုင်းပြည်ထွက်ကုန်ပစ္စည်းများကို အရည်အသွေးမီသည့် ကုန်ချောပစ္စည်းအဖြစ် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ မြေပေါ်၊ မြေအောက်ထွက်ကုန်များကို ကုန်ကြမ်းအဆင့်ဖြင့်ပင် ရောင်းချနိုင်သဖြင့် အမြတ်အစွန်းနည်းပြီး တိုးတက်သင့်သလောက် မတိုးတက်ဘဲဖြစ်ခဲ့သည်။ သစ်တောကဲ့သို့သော မြေပေါ်သယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲပြီး ပြန်လည်ဖြည့်တင်း စိုက်ပျိုးခြင်းမရှိသောကြောင့် သစ်တောပြုန်းတီးလာပြီး ရာသီဥတုပြောင်းလဲခြင်းအကျိုးဆက်များကို ကြုံတွေ့နေရသည်။ သတ္တုနှင့် တွင်းထွက်ပစ္စည်းများကိုလည်း ကုန်ချောအဖြစ်မထုတ်လုပ်နိုင်ဘဲ ကုန်ကြမ်းအဖြစ် ရောင်းချခြင်းဖြစ်၍ တိုင်းပြည်အတွက် နစ်နာခဲ့ရသည်။ မြန်မာနိုင်ငံမှ ကုန်ကြမ်း ပစ္စည်းများကို ဈေးနှုန်းနည်းနည်းဖြင့် ရောင်းချရပြီး ပြည်တွင်းသို့ ပြန်လည်တင်သွင်းလာသော ကုန်ချောများကို ဈေးနှုန်းမြင့်မြင့်ဖြင့် ပြန်လည်ဝယ်ယူရသဖြင့် များစွာနစ်နာမှုရှိသည်။
ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများသည် အခြားနိုင်ငံမှ ကုန်ကြမ်းပစ္စည်းများကိုအသုံးပြု၍ အဆင့်မြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ကြသဖြင့် ချမ်းသာကြွယ်ဝလာကြသည်။ ထို့ကြောင့် ချမ်းသာကြွယ်ဝခြင်းသည် သဘာဝသယံဇာတပေါများခြင်းထက် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များပေါများခြင်းနှင့် နည်းပညာထွန်းကားမှု သည် အဓိကဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် ကျွမ်းကျင်သည့်အရင်းအမြစ်များ ပေါများရေးနှင့် နည်းပညာထွန်းကားရေးအတွက် ပညာရေးကို အားပေးမြှင့်တင် ပေးနေသည်ကိုတွေ့ရသည်။ မည်သို့သောအခြေအနေရှိသည်ဖြစ်စေ နိုင်ငံအတွင်းရှိ မျိုးဆက်များ ပညာရည်မြင့်မားလာရေးအတွက် စဉ်ဆက်မပြတ်အားပေးမြှင့်တင်ပေးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပညာရည်မြင့်မားသော မျိုးဆက်များက မိမိတို့နိုင်ငံကို တိုးတက်သည့်နိုင်ငံအဖြစ် ဖန်တီးတည်ဆောက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို အဆင့်မီမီထုတ်လုပ်နိုင်ရန် အားပေးမြှင့်တင်ဆောင်ရွက်ခြင်း၊ မြေအောက်သယံဇာတများ ထုတ်ယူသုံးစွဲခြင်းကိုလည်း ကုန်ကြမ်းအဖြစ် ထုတ်လုပ်ခြင်းမဟုတ်ဘဲ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းများကိုသာ ခွင့်ပြုပေးလျက်ရှိခြင်း၊ မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူသုံးစွဲခြင်းထက် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်း၊ နိုင်ငံခြားငွေရရှိရေးအတွက် ပြည်တွင်းထုတ်ကုန်များ အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း၊ ပြည်ပသွင်းကုန်များလျှော့ချပြီး ပြည်တွင်းထုတ်ကုန်ပစ္စည်းများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဖြည့်ဆည်းပေးခြင်း၊ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဒေသအသီးသီးသို့ကွင်းဆင်း၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်လာအောင် လိုအပ်သည်များကို ပေါင်းစပ်ဆွေးနွေးဖြည့်ဆည်းပေးခြင်း စသည်ဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံသည် နည်းပညာနှင့်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသဖြင့် အရာရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများကိုသာ မှီခိုအားထားနေရသည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင့်မီစွာဆောင်ရွက်နိုင်ရန် ကျွမ်းကျင်သည့်လူသားအရင်းအမြစ်များ လိုအပ်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ပေါများလာစေရေးအတွက် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ပညာရေးနိမ့်ကျလျက်ရှိနေခြင်းသည် ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားခြင်းမပြုနိုင်ခြင်းနှင့် ပညာရေးတန်းစဉ် ကူးပြောင်းမှုနှုန်း နည်းပါးနေသောကြောင့်ဖြစ်သည်။ အတန်းပညာရှိမှသာ မိမိဘဝရပ်တည်ရေးကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မတ်လ ၇ ရက်နေ့တွင် ရှမ်းပြည်နယ်ရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် “ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ်ပြီး လူတစ်ဦးချင်းစီ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်သည် တစ်ဦးချင်း၏ ကြိုးစားအားထုတ်မှုဖြင့်သာ သက်ဆိုင်သည်ဖြစ်သဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေးကို အားပေးဆောင်ရွက်ကြစေ လိုကြောင်း”ပြောကြားခဲ့သည်။ ပညာရေးကို အားပေးဆောင်ရွက်မှသာလျှင် ဒေသနှင့် နိုင်ငံတော်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ပေါများလာပြီး နည်းပညာများလည်းထွန်းကားကာ နိုင်ငံ့စီးပွားမြင့်မားရေးကို မြှင့်တင်တွန်းအားပေးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်