Skip to main content

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်  မတ်  ၈

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ယနေ့တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မျက်စိခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများအား ဆေးရုံရေယာဉ်ပေါ်၌ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် အဆိုပါလူနာများအား ကျောက်နီမော်ကျေးရွာတိုက်နယ်ပြည်သူ့ဆေးရုံသို့ တပ်မတော်ရေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးသည်။

ထို့အတူ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ကျောက်နီမော်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၄၆ ဦးအား  ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၆ ဦး၊ ခွဲစိတ်ရောဂါ ၅၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၃၅ ဦး၊ အရိုးရောဂါ ၂၂၁ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၇၃ ဦး၊ မျက်စိရောဂါ ၁၅၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၄၇ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၄၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၁ ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။