နေပြည်တော် မတ် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Martin Schuepp ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ယာယီနေရပ်စွန့်ခွာသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးအပ်နိုင်ရေး၊ ICRC အဖွဲ့မှ ဆောင်ရွက်ပေးသည့် အကူအညီများအား အကူအညီအမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိရေးအတွက် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်သည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီရပ်ဆိုင်းထားသည့် အကျဉ်းကျခံနေရသူများနှင့် အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များ တွေ့ဆုံခွင့် ပြန်လည်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ခိုင်နှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းတို့ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူးနှင့်အတူ ICRC Regional Director for Asia and the Pacific , Ms.Christine Cipolla ၊ ICRC Resident Representative, Ms. Elean Ajmone Sessera တို့လည်း တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။