Skip to main content

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မင်းဘူး-ကျောက်တန်း-ရေတွင်းကုန်းလမ်းပေါ်ရှိ ဆားပွက် ချောင်းတံတား (ရေတွင်းကုန်း) ဖွင့်ပွဲအခမ်းအနားသို့ တက်‌ရောက်ဖွင့်လှစ်

မင်းဘူး ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူး-ကျောက်တန်း-ရေတွင်းကုန်း လမ်းမပေါ်ရှိ ဆားပွက် ချောင်းတံတား (ရေတွင်းကုန်း)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က တံတားဖွင့်ပွဲ ယာယီမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးကျော်စွမ်းရည်နှင့် ဦးကျော်ငွေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကဗျည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည်ပက်ဖျန်းကာ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး တံတားပေါ်သို့  ဖြတ်သန်း ကြည့်ရှု့ခဲ့ကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရေတွင်းကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်မှ ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေတွင်းကုန်းကျေးရွာ ရွာဦးကျောင်း ဆရာတော် အရှင်ဇေဌကထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ထံမှ ဩဝါဒစကား ခံယူခဲ့ကြသည်။

အဆိုပါ တံတားသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၄၀၂ သန်းဖြင့် ကျေးလက်လမ်းဖွံဖြိုးရေး ဦးစီးဌာနက လုပ်ငန်းအပ်နှံပြီး တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၃) (ပခုက္ကူ)က တာဝန်ယူ ဆောင်ရွက်သော ဆားပွက်ချောင်းတံတား (ရေတွင်းကုန်း)သည် တံတားအရှည် ၃၃၄ ပေ ၈ လက်မ၊ တံတားအကျယ် ၁၇ ပေ၊ ယာဉ်သွားလမ်းအကျယ်မှာ ၁၄ ပေရှိကြောင်း၊ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်အလေးချိန် တန် ၂၀ ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ဆားပွက်ချောင်းတံတား (ရေတွင်းကုန်း) တည်ဆောက်ပြီးစီးသည့်အတွက် ကျေးရွာပေါင်း ၁၂ ရွာမှ ကျေးလက်နေ ပြည်သူများ အချိန် မရွေး ဖြတ်သန်းသွားလာနိုင်ပြီး လူမှု့စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး) ၊ ကျော်စိုးဝင်း (မင်းဘူး)