ပုသိမ် သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်း/ခရိုင် အဆင့် တာဝန်ရှိသူများ လိုက်ပါ၍ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ နယ်အတွင်းရှိ ဝါးခယ်မတံတားနှင့် ရွှေလောင်းတံတား တည်ဆောက် ပြီးစီးမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ တံတားမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ တံတားဟောင်း ဖြုတ်သိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ ပြီးနောက် တံတားအဆင့်မြှင့်တင် တည်ဆောက်ရေး လုပ်ငန်းများ ဆောက်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် ၉၈ % ပြီးစီးပြီဖြစ်သည်။ အဆင့်မြှင့်တင် တည်ဆောက်သော တံတားအမျိုးအစားမှာ သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ကာ အရှည် ၃၀၂၀ ပေ၊ အကျယ် ၃၀.၅ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက် ၃ ပေစီ၊ ရေကင်းလွတ်အမြင့် ၃၆ ပေ နှင့်တံတားခံနိုင်ဝန်မှာ HS25 Load Class ဖြစ်ပါသည်။
အဆိုပါ တံတားကို ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ခန့်မှန်းခြေတန်ဖိုး ၆၆၄၅ သန်းရှိကာ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ တံတားပေါ် ဖြတ်သန်းသွားလာခွင့် ပြုသွားမည် ဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် ရွှေလောင်းတံတား အဆင့်မြှင့်တင် တည်ဆောက်မှု အခြေနေများကို သွားရောက် ကြည့်ရှူစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တံတား တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ နှင့်ပတ်သက်၍ အသေးစိပ်ရှင်းလင်း တင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ တံတားအဆင့်မြှင့်တင် တည်ဆောက်မှုမှာ လက်ရှိအချိန်ထိ ပြီးစီးမှု ၈၆ % ရှိပြီး တံတား အမျိုးအစားမှာ သံကူကွန်ကရစ်ဖြစ်ကာ အရှည် ၁၉၀၀ ပေ၊ တံတားအကျယ် ၃၀.၅ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း ၂ ဖက် တစ်ဖက်လျှင် ၃ပေစီနှင့် ရေလမ်း ကင်းလွတ်အမြင့် ၂၉.၅၂ ပေ၊ တံတား၏ခံနိုင်ဝန်မှာ HS25 Load Class ဖြစ်သည်။
အဆိုပါ တံတားကို ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တည်ဆောက်ပြီး ခန့်မှန်းခြေတန်ဖိုး ၅၄၃၅.၇၀ သန်းရှိသည်။ တံတားပေါ် ဖြတ်သန်း သွားလာခွင့်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။
မြင့်ဟန်(ခရိုင် ပြန်/ဆက်)