နေပြည်တော် မတ် ၇
International Anti-Corruption Academy (IACA) က ကြီးမှူးကျင်းပသည့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Jeffery D. Sachs ၏ “ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ” ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်၍ ကိုယ်စားလှယ်ခုနစ်ဦး ပါဝင်တက်ရောက်ခဲ့သည်။
ထို့ပြင် အခမ်းအနားသို့ IACA က ဖွင့်လှစ်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး Master Programme များနှင့် သင်တန်းများသို့ တက်ရောက်ခဲ့သော သင်တန်းသားဟောင်းများအပါအဝင် နယ်ပယ်အသီးသီးမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကျွမ်းကျင်ပညာရှင်များ စုစုပေါင်း ၁၂၂ ဦး တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များတွင် ပန်းတိုင် ၁၇ ချက်ရှိပြီး Target မှာ ၁၆၉ ခု ရှိကြောင်း၊ အဆိုပါကိစ္စရပ်သည် ပြည်သူ့ရေးရာမူဝါဒပင်ဖြစ်ပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ခိုင်မာအားကောင်းသည့် အစိုးရတစ်ရပ်ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက အဂတိလိုက်စားမှုများ ပိုမိုဖြစ်ပွားနိုင်ကြောင်း၊ ဖွံ့ဖြိုး ပြီးနိုင်ငံများတွင်လည်း အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့်ဖြစ်ပေါ်နေပြီး SDG Goals ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အဟန့်အတားဖြစ်နေပြီး အရင်းအမြစ်များစွာ လိုအပ်လျက်ရှိကြောင်း၊ SDG Goals ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ မည်သည့်အုပ်စု၊ မည်သည့်လူမျိုးမှ နောက်တွင်မကျန်ရှိရန်နှင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရန် စသည့်အခြေခံအချက်များကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
အပြန်အလှန် ဆွေးနွေးမှုအပိုင်းတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် ဖွံ့ဖြိုးပြီး နိုင်ငံများအတွက်အဆင်ပြေနိုင်သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နည်းပညာနှင့် လူသားအရင်းအမြစ်ဆိုင်ရာအတားအဆီးများကြောင့် အကောင်အထည်ဖော်ရန်ခက်ခဲနိုင်သည့် အခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးပေးပါရန် မေးမြန်းဆွေးနွေးမှုအပေါ် Mr. Jeffery D. Sachs က စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် ထိရောက်ကောင်းမွန်သည့် အစီအမံများရေးဆွဲထားခြင်း၊ လုံလောက်သောဘဏ္ဍာရန်ပုံငွေ ခွဲဝေသတ်မှတ်ပေးခြင်းနှင့် ကျွမ်းကျင်ပညာရှင်များ၏အကြံပြုချက်များရယူခြင်းတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာနယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများလည်း လိုအပ်မည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
သတင်းစဉ်