Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မြေဖို့ခြင်း၊ မြေဖြတ်ခြင်းနှင့် တာဘောင်ဆင်ခြေလျောဖြေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းပိုင်းအလိုက် လုပ်ငန်းဆောင်ရွက်တိုးတက်မှု၊ သံလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ခရီးသွားများကို ဆွဲဆောင်နိုင်မည့် ရှမ်းပြည်နယ်၏ ထင်ရှားသောဘဝသံသရာရထားလမ်းတံတားပုံစံအတိုင်း တည်ဆောက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရထားလမ်းသယ်ယူပို့ဆောင်ရေးသည် ဒေသအတွက် များစွာအကျိုးရှိစေမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ယခု  ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို သာမာန်ခရီးသွားပြည်သူများ သွားလာအသုံးပြုနိုင်ရန်၊ ကုန်စည်များပိုမိုကူးသန်းရောင်းဝယ်နိုင်ရန်၊ ဒေသတွင်းရှိ တွင်းထွက်ပစ္စည်းများနှင့် ထုတ်ကုန်ပစ္စည်းများ ပိုမိုကူးသန်းရောင်းဝယ်နိုင်ရန်၊ ခရီးသွားပြည်သူများကို ဆွဲဆောင်နိုင်ရန်ရည်ရွယ်ကြောင်း၊ နောက်ပိုင်းတွင် ပအိုဝ်း ဒေသအထိ တိုးချဲ့ပြေးဆွဲနိုင်ရေး ရည်ရွယ်ကြောင်း၊ သံလမ်းခင်းရာ၌ လမ်းခင်းကျောက်ထည့်သွင်းမှု၊ တံတားများ ထည့်သွင်းတည်ဆောက်မှုတို့ကို သတ်မှတ်အရည်အသွေးနှုန်းထားများအတိုင်း ပြည့်မီစွာခင်းကျင်းရန်လိုကြောင်း၊ လုပ်ငန်းလျင်မြန်စွာပြီးစီးစေရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ပြီး အရည်အသွေးပြည့်မီမှုမရှိခြင်းများ မဖြစ်စေလိုကြောင်း၊ ဘဝသံသရာ ရထားလမ်းအတိုင်း စနစ်တကျတည်ဆောက်ရန်လိုကြောင်း၊ ကားလမ်းများအနီးတွင်ရှိသည့် ရထားသံလမ်းပိုင်းနေရာများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး အကာအရံဆောင်ရွက်ပေးရန်လိုကြောင်း၊ မြေထိန်းနံရံ(Toe Wall)များ၊ ရေကာနံရံများနှင့် ရေထုတ်ပြွန်များ၊ ရေထုတ်မြောင်းများကိုလည်း စနစ်တကျထည့်သွင်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စီမံကိန်းဧရိယာအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့ပြီး စီမံကိန်းဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။