Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူစေတီတော်နှင့် တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော် မတ် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ လိုက်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မြောက်ဘက်အာရုံခံအတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးများကပ်လှူပူဇော်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူဘုရားအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ကျော်ဆန်းနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူဘုရားသို့ လာရောက်ဖူးမြော်လျက်ရှိသည့် ဘုရားဖူးလာဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ ထို့နောက် ဘုရားပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှု၍ စေတီတော်များ ရေရှည်တည်တံခိုင်မြဲရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဘုရားပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်လိုအပ်မှုတို့ကို တာဝန်ရှိသူများအား မှာကြားသည်။

ယမန်နေ့ညပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား ပန်းရေချမ်းဆီမီးကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် စေတီတော်မြတ်ကြီးပေါ်ရှိ ရှုခင်းသာ view point မှတဆင့် တောင်ကြီးမြို့၏ အလှအပများကိုကြည့်ရှုကာ တောင်ကြီးမြို့ရှိ သဘာဝအရင်းအမြစ်များ မပျောက်ပျက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။