Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာကျော်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် လှမိုး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အကြီးစား၊ အလတ်စားနှင့် အငယ်စားစက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သီးနှံများထုတ်လုပ်လျက်ရှိမှု၊ စက်မှုဇုန်များအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ကုန်ထုတ်လုပ်မှုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိမှု၊ တန်ဖိုးမြှင့်စီးပွားရေးထုတ်ကုန်များ ထုတ်လုပ်လျက်ရှိမှု၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Village One Product)များဆောင်ရွက်လျက်ရှိမှု၊ ထုတ်ကုန်ပြပွဲများ ကျင်းပပေးနိုင်မှု၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးထားမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြကြရာ “လွယ်မွေ” ကုမ္ပဏီလီမိတက်မှ ဦးအောင်ဝင်း၊ “မိုးကောင်းကင်” ကယားဝက်အူချောင်းလုပ်ငန်းမှ ဒေါ်ခိုင်စိုးသူ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးခင်အောင်၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါက်တာ စိုင်းလုံ၊ “SHAN Orchard” ထောပတ်ဆီ ထုတ်လုပ်မှုလုပ်ငန်းမှ ဦးမျိုးသက်လွင်နှင့် တက်ရောက်လာကြသူများက ဒေသထွက် မိရိုးဖလာစားသောက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိမှုနှင့် ပြည်ပဈေးကွက်ဖြန့်ချိရေးနှင့် ကုန်ထုတ်လုပ်မှုများ ပိုမိုတိုးတက်အောင် ထုတ်လုပ်နိုင်ရန်အတွက် ဖြေရှင်းရမည့်ကိစ္စရပ်များ၊ ရှမ်းပြည်နယ်မှထွက်ရှိသည့် သစ်သီးဝလံနှင့် ပန်းမန်များကို ပြည်ပနိုင်ငံများသို့ ထုတ်ပိုးတင်ပို့ရောင်းချလျက်ရှိမှု၊ အဓိကထွက်ကုန်ဖြစ်သည့် ထောပတ်စိုက်ပျိုးမှုများကို တိုးချဲ့စိုက်ပျိုးလျက်ရှိမှု၊ စိုက်ပျိုး ရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုချေးငွေများလိုအပ်လျက်ရှိမှု၊ ထောပတ်သီးများကို ပြည်ပနိုင်ငံများသို့တင်ပို့နိုင်ရန်အတွက် နိုင်ငံတော်မှ G to G စနစ်ဖြင့်ဆောင်ရွက်ပေးစေလိုမှု၊ သစ်သီးများကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန်လိုအပ်မှု၊ မွေးမြူရေးလုပ်ငန်းများအတွက် သုတေသနပြုဓာတ်ခွဲခန်းများအဆင့်မြှင့်တင်ရာတွင် နိုင်ငံတော်မှကူညီပံ့ပိုးပေးစေလိုမှုနှင့် လုပ်ငန်းတိုးချဲ့ရေးအတွက် မြေနေရာရရှိနိုင်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှုလမ်းများနှင့် လျှပ်စစ်မီးလိုအပ်ချက်ရှိမှု၊ နောင်တရားဒေသတွင်း စိုက်ပျိုးဖြစ်ထွန်းသည့် အာလူးစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးစေလိုမှု၊ ပုဂ္ဂလိကဆေးရုံများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးစေလိုမှု၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည့် နည်းပညာများနှင့် အရင်းအနှီးများကူညီပေးစေလိုမှု၊ အင်းလေးဒေသရှိ ဇီဝမြေဩဇာ ထုတ်လုပ်မှုလုပ်ငန်းအောင်မြင်မှုရှိစေရေးအတွက် ဆောင်ရွက်ပေးစေလိုမှုတို့ကို အသီးသီးတင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်းရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ အာလူးစိုက်တောင်သူများအတွက် ဒေသနှင့်ကိုက်ညီသည့် အာလူးမျိုးများရရှိရေး၊ စပါးစိုက်တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ စိုက်ပျိုးမြေများရရှိလိုမှု၊ လုပ်ငန်းအတွက်ချေးငွေများ ရရှိလိုမှုတို့နှင့်ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလျှောက်ထားနိုင်ပြီး မှန်မှန်ကန်ကန်ဆောင်ရွက်ရန်လိုအပ်မှု၊ လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက် လုပ်ငန်းအလိုက် အတိုးနှုန်းသက်သာသည့် ချေးငွေများရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမအသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့် စက်ကိရိယာများ၊ အရင်းအနှီးများ မတည်ဆောင်ရွက်ပေးလျက်ရှိမှု၊ မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုများရရှိရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ လက်အောက်ရှိ နယ်မြေခံဦးစီးဌာနများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားပေးဆောင်ရွက်လျက်ရှိမှု၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် စက်မှုမှတ်ပုံတင်ခြင်းများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ တရားမဝင်ကုန်စည်စီးဆင်းမှုများသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို များစွာထိခိုက်စေနိုင်သောကြောင့် တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးလျက်ရှိသကဲ့သို့ အားလုံးဝိုင်းဝန်းတိုက်ဖျက်ကြရန်လိုအပ်မှု၊ စပါးခွံလောင်စာသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေး လိုအပ်သည့်နည်းပညာနှင့်စက်ကိရိယာများ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ စားသောက်ကုန်များ၏ အရည်အသွေးစစ်ဆေး၍ FD‌A လက်မှတ်များထုတ်ပေးလျက်ရှိမှုနှင့် သင်တန်းများ ပို့ချဆောင်ရွက်ပေးလျက်ရှိမှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးပြန်လည်ဆွေးနွေးပြောကြားကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အလေးထားမှတ်သား၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

အစားအသောက်လုံခြုံရေးနှင့်ပတ်သက်၍ ဖြည့်စွက်မှာကြား

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် လုပ်ငန်းရှင်များအသီးသီး၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများက အသီးသီးပြန်လည်ဆွေးနွေးပြီးဖြစ်ကြောင်း၊ စားသောက်ကုန်နှင့်ပတ်သက်၍ ပြည်ပမှဝင်ရောက်လာသည့် တရားဝင်စားသောက်ကုန်များ၊ ပြည်တွင်းမှထုတ်လုပ်သည့် စားသောက်ကုန်များအမျိုးမျိုးရှိကြပြီး အစားအသောက်လုံခြုံရေး (Food Security)ကို အလေးထားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစားအသောက်ထုတ်ကုန်များနှင့်ပတ်သက်၍ FDA စည်းကမ်း၊ ခွင့်ပြုချက်များရရှိရန် သတ်မှတ်အရည်အသွေးများ ပြည့်မီရန်လိုကြောင်း၊ မိမိထုတ်လုပ်သည့် စားသောက်ကုန်များ၏ အရည် အသွေးမပြည့်မီမှုများကြောင့် စားသုံးသူများဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး လိုအပ်သည့်စစ်ဆေးမှုများကို စနစ်တကျဖြင့်ခံယူပြီးမှသာ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးကြရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သည့်ရက်၊ ကုန်ဆုံးရက်များကိုလည်း စနစ်တကျ ရိုက်နှိပ်ပေးထားရန်လိုကြောင်းကို ဖြည့်စွက်ပြောကြားလိုကြောင်း။

ဒေသထုတ်ကုန်များကို အခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်

ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်နိုင်ရန်အတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်များတွင် နိုင်ငံခြားကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် ပြန်လည်စိစစ်ဆောင်ရွက်ခဲ့ရာ ပြည်တွင်းထုတ်ကုန်များအားပေးမှုမရှိခြင်းနှင့် ပြည်ပသွင်းကုန်များကို ပိုမိုဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ နိုင်ငံခြားချေးငွေများကို အဆက်မပြတ်ရယူခဲ့ပြီး ယခုအချိန်တွင် နိုင်ငံခြားချေးငွေများ ပြန်လည်ပေးဆပ်ရန်ကျန်ရှိနေသေးကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် တတ်နိုင်သမျှ ပြန်လည်ပေးဆပ်နေရကြောင်း။

နိုင်ငံခြားငွေရရှိရန်အတွက် ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် မြေပေါ်မြေအောက်သယံဇာတ ပစ္စည်းများနှင့်စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများရှိကြောင်း၊ သစ်တောကဲ့သို့သော မြေပေါ်သယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲပြီး ပြန်လည်ဖြည့်တင်းစိုက်ပျိုးခြင်းမရှိခြင်းကြောင့် သစ်တောများပြုန်းတီးလာမှုများရှိကြောင်း၊ မြေအောက်သယံဇာတများ ထုတ်ယူသုံးစွဲခြင်းကိုလည်း ကုန်ကြမ်းအဖြစ် ထုတ်လုပ်ခြင်းမဟုတ်ဘဲ ကုန်ချောအဖြစ်ထုတ်လုပ်ခြင်းများကိုသာ ခွင့်ပြုပေးလျက်ရှိကြောင်း၊ မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူသုံးစွဲခြင်းထက် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ကြရန် အားပေးခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် ခိုင်မာပြီးသေချာမှုရှိသည့် လုပ်ငန်းတစ်ခုပင်ဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ကုန်ကြမ်းပစ္စည်းများကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုဆောင်ရွက်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

မိမိတို့ဒေသမှမဟုတ်ဘဲ အခြားဒေသများမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ၊ ပြည်ပမှဝယ်ယူရသည့်ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် ကုန်ထုတ်လုပ်မှုတွင် အကန့်အသတ်ရှိပြီး အခက်အခဲများဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း။

မွေးမြူရေး

မိမိတို့နိုင်ငံတွင် နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရပြီး နို့စားနွားမွေးမြူရေးလုပ်ငန်းများကိုပြည်တွင်း၌ စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများများစွာ လျော့ကျသွားမည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲနေရမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် နွားမွေးမြူရေး၊ ဝက်နှင့် ကြက်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်သည့် အခြေခံကောင်းများရှိသည့် ဒေသဖြစ်ကြောင်း၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ရှမ်းပြည်နယ်အတွင်း အောင်မြင် အောင်ကြိုးပမ်းဆောင်ရွက်နိုင်မည်ဆိုပါက နို့ထွက်ပစ္စည်းအများဆုံးထုတ်လုပ်နိုင်သည့် ပြည်နယ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

ကြက်မွေးမြူရေးနှင့်ပတ်သက်၍ ဥစားကြက်များ ပေါများစွာမွေးမြူလျက်ရှိသည်ကိုတွေ့ရှိရပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၌ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်မှုကြောင့် စားရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့ချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အေးသာယာ မွေးမြူရေးဇုန်မှ တစ်နိုင်ငံလုံးသို့ ကြက်ဥများ ဖြန့်ဖြူးပေးခဲ့သည့်အတွက် ပြည်သူလူထု၏ စားရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်ပေါ်စေခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံနှင့် နိုင်ငံတကာတွင် အသားလိုအပ်ချက်များစွာရှိကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် တိရစ္ဆာန်အစာများကိုအသုံးပြု၍ ပြည်တွင်းအသားထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးမှုကို ဖူလုံစေရုံသာမက ပြည်ပသို့လည်းတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ အသားထုတ်လုပ်မှုများမှတစ်ဆင့် စက်မှုထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မွေးမြူရေးကို စနစ်တကျဆောင်ရွက်နိုင်မည်ဆိုပါက ဒေသအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

အလားတူ ဝက်မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်၍ အသားထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်နိုင်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှထွက်ရှိသည့် သစ်သီးဝလံများနှင့်အသားများကို ကျယ်ကျယ်ပြန့်ပြန့်တင်ပို့ရောင်းချနိုင်ရန်အတွက် ဟဲဟိုးလေယာဉ်ကွင်းကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို တိုးတက်အောင် အားပေးဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါတွင် ကုန်သွယ်မှုလိုငွေများ ထိုက်သင့်သလောက် တိုးတက်လာပြီဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ နိုင်ငံခြားငွေများရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေး

စပါးစိုက်ပျိုးမှုများဆောင်ရွက်ရာတွင် ပန်းတိုင်ရည်မှန်းချက်များပြည့်မီအောင် စိုက်ပျိုးရန်လိုကြောင်း၊ တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်ပြီး စီးပွားရေးမြှင့်တင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြေဩဇာများရရှိရေးအတွက်လည်း ဒေသတွင်းမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိထားသည့် ဇီဝမြေဩဇာများကို အကျိုးရှိရှိအသုံးချမည်ဆိုပါက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျွဲနှင့်နွားများကို စနစ်တကျလှောင်မွေးခြင်းဖြင့် အသားထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူပြုနိုင် မည်ဖြစကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းများ ကောင်းမွန်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် စက်မှုကုန်ထုတ်လုပ်ငန်းများကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို အခြေခံသည့် ထွက်ကုန်ပစ္စည်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းမှ ထွက်ရှိသည့် လက်ဖက်၊ ကော်ဖီများသည် နိုင်ငံတကာဈေးကွက်ဝင်ပစ္စည်းများဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် အဆိုပါ လက်ဖက်နှင့်ကော်ဖီများကို ပိုမိုတိုးချဲ့စိုက်ပျိုးပြီး ကုန်ထုတ်လုပ်မှုများကို စနစ်တကျဆောင်ရွက်မည်ဆိုပါက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သဖြင့် ဒေသအတွက်သာမက နိုင်ငံတော်အတွက်ပါ များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးရေးနှင့်ပတ်သက်၍ Eating quality ကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးရန်လိုကြောင်း၊ ဒေသမှထွက်ရှိသည့် စားသောက်ကုန်များကိုလည်း အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ဈေးကွက်ရရှိမည်ဖြစ်ကြောင်း၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ အရည်အသွေးကောင်းမွန်စွာဖြင့် လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် MSME လုပ်ငန်းများ ကိုအားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား တစ်ဖက်တစ်လမ်းမှ အထောက်အကူရရှိရေး

ရှမ်းပြည်နယ်အတွင်း စပါးကြိတ်ခွဲမှုများမှ စပါးခွံများများစွာထွက်ရှိလျက်ရှိကြောင်း၊ ထွက်ရှိလာသည့်စပါးခွံများကိုအသုံးပြု၍ စပါးခွံလောင်စာသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများကိုလည်းဆောင်ရွက်နိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို မိမိတို့ဒေသအလိုက် တတ်နိုင်သမျှကြိုးပမ်းဆောင်ရွက်မည်ဆိုပါက ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေရခြင်းမှာ တိုင်းပြည်၏ စီးပွားရေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များအစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် သွင်းအားစုများလိုအပ်ကြောင်း၊ သွင်းအားစုများရရှိရေးအတွက်လည်း ကြိုးပမ်းအားထုတ်ကြရန်လိုကြောင်း။

စုပေါင်းသမဝါယမစနစ်

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ သမဝါယမစနစ်ဖြင့်သွားသည့် ကုန်ထုတ်လုပ်မှုကိုသွားနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်ကသမဝါယမစနစ်ကိုကျင့်သုံးခဲ့ပြီး အချို့ဖွံ့ဖြိုးပြီး နိုင်ငံများတွင်လည်း သမဝါယမစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ သမဝါယမစနစ်ကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်မှုကို ပိုမိုတိုးတက်စေမည်ဖြစ်ပြီး စုပေါင်းသမဝါယမစနစ်ကို ကျင့်သုံး၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ အရင်းအနှီးနှင့်ပတ်သက်၍ နိုင်ငံတော်မှလိုအပ်သည့် ရင်းနှီးမတည်ငွေများကို ထုတ်ချေးပေးလျက်ရှိပြီးချေးငွေတွင် Developing ချေးငွေနှင့် Commercial ချေးငွေဟူ၍ရှိကြောင်းနှင့် ချေးငွေအမျိုးအစားအလိုက် အတိုးနှုန်းများကွာခြားသွားမည်ဖြစ်ကြောင်း၊ အရင်းအနှီးမတည်ငွေများနှင့်ပတ်သက်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှထုတ်ချေးပေးလျက်ရှိပြီး ချေးငွေများရယူရာတွင်လည်း မိမိတို့တတ်နိုင်သလောက်သာချေးယူရန်နှင့် သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီရန်လိုကြောင်း။

လူသားအရင်းအမြစ်ကောင်းများရရှိရေး ပညာရေးအားပေးဆောင်ရွက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအဆင့်မီစွာ ဆောင်ရွက်နိုင်ရန်လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ နိုင်ငံတော်အတွက်လိုအပ်သည့် လူသားအရင်းအမြစ်များ ပေါကြွယ်ဝစေရေး ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အတန်းပညာများရှိမှသာ မိမိတို့ဘဝရပ်တည်ရေးကိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးသည် နိမ့်ကျလျက်ရှိနေသေးသည်ကိုတွေ့ရှိရပြီး ရှမ်းပြည်နယ်အတွင်း၌လည်း ပညာရေးတန်းစဉ် ကူးပြောင်းမှုနှုန်းနည်းပါးနေသေးသည့်အတွက် ပညာရည်မြင့်မားရေးကို ဝိုင်းဝန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ်ပြီး လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သည် တစ်ဦးချင်း၏ ကြိုးစားအားထုတ်မှုဖြင့်သာ သက်ဆိုင်သည်ဖြစ်သဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေးကိုအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေးကိုအားပေးမှသာလျှင် ဒေသနှင့်နိုင်ငံ၏ လူသားအရင်းအမြစ်များသည်လည်း ပေါကြွယ်ဝလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ဦးတစ်ယောက်ချင်းမှစ၍  ပညာရေးကိုအလေးထားအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များအလိုက် လူမှန်နေရာမှန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ရှမ်းပြည်နယ်အတွင်း လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပုဂ္ဂလိကပညာသင်ကြားရေးတွင်လည်း ပညာသင်ကြားမှုများနစ်နာမှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ အချို့သောကိုယ်ပိုင်ကျောင်းများအနေဖြင့် ငွေကြေးကောက်ခံမှုများ များပြားလျက်ရှိသည်ကို စိစစ်တွေ့ရှိရပြီး ပညာရည်သင်ကြားရေးအတွက် မှန်မှန်ကန်ကန်ဖြစ်စေလိုကြောင်း။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး

ရှမ်းပြည်နယ်သည် ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် အခြေခံကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ တောင်ကြီးမြို့တွင် မီးပုံးပျံပွဲကို အစဉ်အလာဖြင့် နှစ်စဉ်ကျင်းပလျက်ရှိပြီး ပြည်တွင်းပြည်ပမှ စိတ်ဝင်စားသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ အလားတူ အင်းလေးဒေသသည်လည်း ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် နေရာဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ဒေသထွက်အစားအစာများကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကိုလည်း ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ကလော၊ အောင်ပန်းဒေသကို ကျန်းမာရေးစောင့်ရှောက်မှုဒေသအဖြစ် ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ပြီး မိမိတို့အနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသထုတ်ကုန်ပစ္စည်းများ ထုတ်ပိုးမှုစနစ်ကောင်းမွန်မှသာ ဝယ်ယူသူကို ပိုမိုစွဲဆောင်မှုရှိနိုင်မည်ဖြစ်ကြောင်း၊ Quality ကောင်းအောင်ဆောင်ရွက်ရာတွင် အမြင်၊ အနံ့နှင့် ထုတ်ပိုးမှုများကောင်းမွန်အောင် ဆောင်ရွက်ရန်အကြံပြုလိုကြောင်း၊ သို့မှသာ ထုတ်ကုန်ပစ္စည်းများကို ပိုမိုရောင်းချနိုင်မည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးတိုက်တွန်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက်  စိတ်ဝင်တစားဖြင့်လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်း ဆွေးနွေးရာလုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။