Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြား

နေပြည်တော် မတ် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်တလုံးကြီးမြို့သို့ သွားရောက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်တလုံးကြီးမြို့သို့ ရောက်ရှိကြရာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ဦးခွန်မြင့်အောင်၊ ဦးခွန်အောင်ခမ်း၊ ဦးခွန်နေဝင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဒေသခံပအိုဝ်းတိုင်းရင်းသားပြည်သူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပအိုဝ်းအမျိုးသားခေါင်းဆောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာယက ဦးအောင်ခမ်းထီ နေအိမ်သို့ရောက်ရှိကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဦးအောင်ခမ်းထီ၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြသည်။

တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူအများနှင့် ဒေသအကျိုးကိုဖြစ်ထွန်းစေမည့် လုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဒေသတွင်းရှိ ပြည်သူများအားလုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်းဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပမာဏများများဖြင့် စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်သည့် ကုန်ထုတ်လုပ်မှုမျိုးဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍လည်း ဝက်၊ နွား၊ ကြက် စသည့်မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပအိုဝ်းဒေသမှထွက်ရှိသည့် ထောပတ်သီးသည် အရည်အသွေး ကောင်းမွန်သည့်အတွက် စိုက်ပျိုးမှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်စေလိုကြောင်း၊  အလားတူ ဒေသတွင်း ကောင်းမွန်စွာထွက်ရှိသည့် ကြက်သွန်၊ အာလူး၊ လက်ဖက်ကဲ့သို့သော စိုက်ပျိုးရေးထုတ်ကုန်များမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရေးစဉ်းစား ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသရှိ မြေပေါ်မြေအောက်သယံဇာတများကို လွယ်လွယ်ကူကူထုတ်ယူသုံးစွဲခြင်းများကိုရှောင်ရှားပြီး ရေရှည်အကျိုးရှိမည့်လုပ်ငန်းများကိုလုပ်ဆောင်စေလိုကြောင်း၊ ဒေသတွင်းရှိ သစ်ပင်သစ်တောများကိုလည်း ထိန်းသိမ်းရန်လိုအပ်ပြီး ရွှေ့ပြောင်းတောင်ယာများ စိုက်ပျိုးခြင်းထက် ကုန်းမြင့်လယ်ယာစနစ်ကို ပိုမိုအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ပအိုဝ်းဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ထိထိရောက်ရောက် ဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်နှင့် တပ်မတော်မှလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဆက်လက်၍လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာယက ဦးအောင်ခမ်းထီအား စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ရာ ဒေသထွက်လက်ဆောင်ပစ္စည်းများနှင့် ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောက်တလုံးကြီးမြို့၊ ဗိုလ်ပန္တကုန်းတော်တွင် တည်ထားကိုးကွယ်ထားရှိသည့် မဟာဝံသဗုဒ္ဓဂယာစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်းရေချမ်းဆီမီးကပ်လှူပူဇော်သည်။

ယင်းနောက် စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ညွန့်မောင်နှင့်အဖွဲ့ဝင်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ဓမ္မလက်ဆောင်များပေးအပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများ ပြန်လည်ပေးအပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စေတီတော်ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်အားဖူးမြော်ကြည်ညိုကာ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ကြည်ညိုခဲ့ကြောင်းနှင့် စေတီတော် ရေရှည်တည်တံ့ခိုင်မြဲရေး၊ ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။