Skip to main content

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ပန်းတနော် သြဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများသည် ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာ အုပ်စုနှင့် ကဿဝင် ကျေးရွာအုပ်စုတို့တွင် ဧရာဝတီမြစ် ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၃၄) စုအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီက ဒေါင့်ကြီးကျေးရွာ ရတနာသီရိကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေနဲ့ ပြည်သူများ၏ကျန်းမာရေး၊ စားဝတ်နေရေး လိုအပ်ချက်များကို တတ်နိုင်သရွှေ့အဆင်ပြေအောင် ဆောင်ရွက်ပေးနေကြောင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း၊ သက်ဆိုင်ရာဌာနများနှင့်  ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားကြ ရန် ပြောကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စုနှင့် ကဿဝင်ကျေးရွာ အုပ်စုတို့တွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ ရသည့်  အိမ်ထောင်စု (၃၄) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၅၀၀၀၀) နှုန်းဖြင့် ရေဘေးသင့် အိမ်ထောင်စုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့​ပြီး ရေဘေးသင့်အိမ်ထောင်စုများကိုယ်စားရပ်မိရပ်ဖ ဦးမြင့်ဇော်ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရ သည်။

အေးချမ်းအောင်၊ ပြည့်ဖြိုးကျော် (ပြန်/ဆက်)