Skip to main content

ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၆

ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ်အခမ်းအနားပြပွဲနှင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်းဦးဆောင်၍ ယနေ့တွင်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ နေပြည်တော်၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင်စတင် ဖွဲ့စည်းခဲ့ပြီးနှစ်စဉ် မတ် ၂၂ ရက် တွင် ကျရောက်သည့် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကော်မတီမှကြီးမှူးပြီး ၂၀၁၄ ခုနှစ်မှစ၍ ကိုဗစ်-၁၉ ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်အထိ (၆) ကြိမ်တိုင်အောင် နှစ်စဉ်ကျင်းပခဲ့ပါကြောင်း၊ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသည့် ရေအရင်းအမြစ်များအား စီမံဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ပြန်လည်ဖွဲ့စည်းပေး ခဲ့ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ရေနေ့ ၂၀၂၃ ခုနှစ် အထိမ်းအမှတ်ဆောင်ပုဒ်မှာ ရေဆိုင်ရာအချက်အလက်များ ဖြည့်ဆည်းရန် “အရှိန်အဟုန်မြှင့် ရှေ့သို့ ကြိုးပမ်း ပြောင်းလဲ ဆောင်ရွက်ခြင်း Acceleration Changes” ဖြစ် ပါကြောင်း၊ ယခုနှစ်အတွက် ကမ္ဘာ့ ရေနေ့ ၂၀၂၃ အထိမ်းအမှတ် အခမ်းအနားပြပွဲနှင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သောဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် အခမ်းအနားကျင်းပရေး လုပ်ငန်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်ထား ရှိမှုကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးလုပ်ငန်းများ၊ ပြခန်းများနှင့် Power Point Presenta-tion များ ပါဝင်ပြသနိုင်ရေး၊ အလွတ်တန်းဆောင်းပါးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်