နေပြည်တော် မတ် ၆
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် သံတွဲမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၁၁ ဦးကို ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ခွဲစိတ်လူနာများအား မျက်မှန်များ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် မျက်စိအထောက်အကူပြု ဆေးပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ မျက်စိခွဲစိတ်လူနာများ အား သဗြုချိုင်ကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးသည်။ ယင်းနောက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သဗြုချိုင်ကျေးရွာမှရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာသို့ ဆက်လက်ထွက်ခွာ ကြသည်။
ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိ ခဲ့ရသည်-
“ကျွန်မအနေနဲ့ အခုလိုမျက်စိ ခွဲစိတ် ကုသပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ပျော်လည်းပျော်တယ်။ အခုလို ကုသပေးတဲ့အတွက် ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ အရင်က မျက်စိတစ်လုံးကကွယ်နေတာ အခုတော့ပြန်မြင်လို့ ဝမ်းသာပါတယ်။ ကိုယ့်ကိုကုသပေးတဲ့ ဆရာဆရာမတွေကိုမြင်ရတော့ ဝမ်းသာမိပါတယ်။ စားရေးသောက်ရေးအတွက် အစစအရာရာစီစဉ်ပေး တဲ့အတွက်လည်း ကျေးဇူးတင် ပါတယ်” လို့ ပြောလိုပါတယ်။
“ကျွန်တော်အစက မျက်စိကမှုန်တယ်။ မမြင်ရဘူး။ အခုတော့ အားလုံးကိုလင်းလင်းထင်းထင်း သဲသဲကွဲကွဲ မြင်ရပြီဆိုတော့ ဝမ်းသာပါတယ်။ စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သင်္ဘောကြီး နဲ့ လာရောက်ဆေးကုသပေးတဲ့အတွက် အထူးဝမ်းသာပါတယ်။ အဲဒါကြောင့် ပါရဂူကြီးတွေအပါအဝင် ဆေးအဖွဲ့အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ သံလွင်သင်္ဘောကြီးနဲ့ ကမ်းခြေဒေသတွေ မှာရှိတဲ့ ဒေသခံပြည်သူတွေကို အခုလို ဆေးကုသမှုပေးနေတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ မျက်စိရောဂါတစ်ခုတည်း မဟုတ်ဘဲ ရောဂါပေါင်းစုံကိုကုသပေးနေတဲ့အတွက် ဆေးရုံ၊ ဆေးခန်းမသွားနိုင်တဲ့သူများအတွက် အထောက်အကူအများကြီးဖြစ်ပါတယ်။ နောင်ကိုလည်း အခုလိုလာရောက်ဆေးကုသဖို့ဖိတ်ခေါ်ပါတယ်။ သွားရေးလာရေးခက်ခဲတဲ့ ဒေသတွေကို အခုလိုဆေးကုသမှု တွေဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း ကျေးဇူး တင်ပါတယ်”
သတင်းစဉ်