Skip to main content

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် မတ် ၂

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် ဂွမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၉၁ ဦးအား  ၎င်းမြို့ရှိ ရတနသိဒ္ဓိဗိမာန်တော်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၆ ဦး၊ ခွဲစိတ်ရောဂါ ၄၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၉ ဦး၊ ကလေးရောဂါ ၃၆ ဦး၊ အရိုးရောဂါ ၂၂၀ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၆၀ ဦး၊ မျက်စိရောဂါ ၂၂၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၃ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၆၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့  တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။

ယင်းသို့‌ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ပေါ်ရှိ ခွဲစိတ်လူနာများနှင့် မျက်စိခွဲစိတ်လူနာများအား အာဟာရဖြည့်စားသောက် ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများနှင့် မျက်မှန်များ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။