Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဟားခါးမြို့ရှိ မြို့မိ မြို့ဖများနှင့် တပ်နယ် မိသားစုဝင်များ၊ ကလေးမြို့ရှိ ကလေး၊ ကျီကုန်းတပ်နယ် မိသားစုဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သီးခြားစီတွေ့ဆုံ၊ ကလေးမြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေကြသော ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၂

ချင်းပြည်နယ် ဟားခါးမြို့သို့ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့နယ်ရှိ ဘာသာရေး ခေါင်းဆောင်များ၊ မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့သည် ဟားခါးမြို့၊ ဇေတဝန် ဘုန်းတော်ကြီးကျောင်း၌ ချင်းတောင်တန်း သာသနာပြုဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ သင်္ကန်းပရိက္ခရာ၊ နဝကမ္မအလှူငွေ၊ ဆေးဝါးများနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဟားခါးမြို့ နယ်မြေခံတပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားပြီး တပ်နယ်မိသားစုများအား ဂုဏ်ပြု ချီးမြှင့်ငွေများ၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တက်ရောက် လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အဖွဲ့သည် ကလေးမြို့သို့ ရောက်ရှိကြပြီး ကလေးမြို့နယ်မြေခံတပ်နယ် အောင်ဆန်းခန်းမ၌ ကလေးနှင့် ကျီကုန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားပြီး တပ်နယ်မိသားစုများအား ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများအား ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

၎င်းနောက် ကလေးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသမှု ခံယူနေကြသော ဒေသခံ ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။