Skip to main content

အာဆီယံ၏ဝိသေသမှာ မတူကွဲပြားမှုများအကြား စည်းလုံးညီညွတ်မှု ဖန်တီးတည်ဆောက်ထားခြင်းဖြစ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ(၅၃)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ပေးပို့သည့်သဝဏ်လွှာ

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်)

ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ (၅၃)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဤနေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံးနှင့် အာဆီယံပြည်သူတစ်ရပ်လုံး ကောင်းကျိုး ချမ်းသာမင်္ဂလာအပေါင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ အာဆီယံနှစ်ပတ်လည်နေ့သည် အားလုံးပါဝင်ပြီး စည်းမျဉ်းကို အခြေခံ၍ ပြည်သူကိုမျက်နှာမူ၊ ဗဟိုပြုသည့် တစ်ခုတည်းသော အသိုက်အဝန်း ဖြစ်လာစေရန် ဒေသတွင်းအသွင်ကူးပြောင်းမှုတွင် မိမိတို့အနေဖြင့် မည်သည့် အတိုင်းအတာအထိ အောင်မြင်မှုရရှိခဲ့သည်ဆိုခြင်းကို ပြန်လည်သုံးသပ်ရန် အခွင့်အခါကောင်းတစ်ရပ်လည်း ဖြစ်ပါသည်။

အရှေ့တောင်အာရှဒေသရှိ မတူကွဲပြားသည့် နိုင်ငံ (၁ဝ)နိုင်ငံဖြင့် ဖွဲ့စည်း ထားသည့် အာဆီယံအသင်းကြီးသည် ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝပြော ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်များဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ မျက်မှောက်နှင့် အနာဂတ်စိန်ခေါ်မှုများကို ထိထိရောက်ရောက်တုံ့ပြန်၍ အာဆီယံပဋိညာဉ် စာတမ်းနှင့်အညီ အခွင့် အလမ်းများကို တိုးမြှင့်ရာတွင် အာဆီယံအနေဖြင့် နိုင်ငံရေးအရ ညီညွတ်ပြီး၊ စီးပွားရေးအရပေါင်းစည်း၍ လူမှုရေးအရ တာဝန် ယူမှုရှိသည့် အသိုက်အဝန်းဖြစ်လာနိုင်ရန် အာဆီယံ၏ စုပေါင်းအင်အားကို မြှင့်တင်လျက်ရှိပါသည်။

မဖြေရှင်းနိုင်သေးသည့် ဒေသတွင်းပြဿနာများနှင့် COVID-19 ကူးစက် ရောဂါကြောင့် ပေါ်ပေါက်လာသည့် မကြုံစဖူးစိန်ခေါ်မှုများကြောင့် အာဆီယံ၏ ကြံ့ကြံ့ခံနိုင်မှုနှင့် တုံ့ပြန်နိုင်စွမ်းတို့မှာ အစမ်း သပ်ခံနေရသဖြင့် ယခုနှစ် အာဆီယံဥက္ကဋ္ဌ၏ ဆောင်ပုဒ်ဖြစ်သည့် “စည်းလုံးညီညွတ်၍ တုံ့ပြန်နိုင်စွမ်းရှိသောအာဆီယံမှာ ယနေ့အချိန် အခါ၏ လိုအပ်ချက်နှင့် အလွန်ပင် လျော်ကန် သင့်မြတ်မှုရှိလှပါသည်။

အာဆီယံ ၏ဝိသေသမှာ မတူကွဲပြားမှုများအကြား စည်းလုံးညီညွတ်မှု ဖန်တီးတည်ဆောက်ထားခြင်းဖြစ်ပါသည်။ ဤအသင်းကြီးသည် ယနေ့အချိန် အခါတွင် နိုင်ငံရေးအရတည်ငြိမ်၍ စီးပွားရေး အလား အလာကောင်းကာ ပြည်သူကိုမျက်နှာမူသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်နေပြီး ယင်း၏ အောင်မြင်မှု များက ပြင်ပနိုင်ငံအများအပြားကို အာဆီယံနှင့် တရားဝင် မိတ်ဖက်ဆက်ဆံရေး ထူထောင်ရန် ဆွဲဆောင် လျက်ရှိနေပါသည်။ အာဆီယံအနေဖြင့် ဆွေးနွေးဖက် နိုင်ငံများ၊ ပြင်ပမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာ စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဖြစ်ပေါ်ပြောင်းလဲနေသည့် ဒေသ၏ သဘောသဘာဝနှင့် တည်ဆောက်မှုပုံစံတွင် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အာဆီယံ၏ အချက်အချာကျမှုတို့ကို ခိုင်မာစေရန် ဖော်ဆောင်လျက်ရှိပါသည်။

ဒေသတွင်းနှင့် နိုင်ငံတကာ၏ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရာ တွင် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်(Treaty of Amity and Cooperation in Southeast Asia-TAC) မှာ ဒေသတွင်းရှိ နိုင်ငံများအချင်းချင်း ထိတွေ့ဆက်ဆံရေးအတွက် လိုက်နာရမည့် အရေးပါသည့်ကျင့်ထုံးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။ TAC တွင် ပါဝင် လက်မှတ် ရေးထိုးလိုသည့် နိုင်ငံအရေအတွက် တိုးတက်များပြားလာခြင်း မှာ အာဆီယံ၏ ထုံးတမ်းစဉ်လာနှင့် စံတန်ဖိုးများကို အာဆီယံအဖွဲ့ဝင်မဟုတ် သည့် ပြင်ပနိုင်ငံများက မြတ်နိုးတန်ဖိုးထားမှု တိုးပွား လာသည်ဆိုခြင်းကို ထင်ဟပ်ပြသနေခြင်း ဖြစ်ပါသည်။ အာဆီယံအသိုက်အဝန်း မျှော်မှန်း ချက်-၂ဝ၂၅ နှင့် ကုလသမဂ္ဂ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး

အစီအစဉ်-၂ဝ၃ဝ တို့ကို ဟန်ချက်ညီညီချိတ်ဆက်ဆောင်ရွက်ရင်း အာဆီယံ အနေဖြင့် ဒေသတွင်းလုပ်ငန်းစဉ်များကို မြှင့်တင်လုပ်ဆောင်လျက်ရှိပါသည်။

ယခုနှစ်သည် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်-၂ဝ၂၅ အကောင် အထည်ဖော်ဆောင်မှု နှစ်ဝက်ကျရောက်သည့် သမိုင်းမှတ်တိုင်နှစ်တစ်နှစ်ဖြစ် ပါသည်။ အာဆီယံသည် သိသာထင်ရှားသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများရရှိခဲ့ပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် စတုတ္ထမြောက်အကြီးဆုံး တစ်ခုတည်းသော ဈေးကွက်ဖြစ်ရေး ဦးတည်နေပါသည်။ အာဆီယံဒေသသည် ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံး လုပ်သားအင်အားစုကို ပိုင်ဆိုင်ထားပြီး ထိုသို့ ကြီးမားသည့် လုပ်သားအင်အားစုရှိနေခြင်းမှာလည်း ဒေသအတွက် ကုန်သွယ် ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်းကြွယ်ဝမှုတို့ ရရှိလာစေရန် အခွင့်အလမ်း တစ်ရပ်လည်း ဖြစ်ပါသည်။

အာဆီယံအသိုက်အဝန်းထူထောင်ရေး ကြိုးပမ်းသည့်နေရာတွင် အောင်မြင်မှုများစွာ ရရှိနေသော်လည်း အာဆီယံအနေဖြင့် ယနေ့အချိန်အခါတွင် COVID-19 ကူးစက်ရောဂါ၏ မကြုံစဖူး စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ သို့ရာတွင် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှု-စီးပွားထိခိုက်နစ်နာမှုများကို လျော့ပါးသက်သာရန်ဆောင်ရွက်ပြီး ကူးစက် ရောဂါကို ရင်ဆိုင်ဖြေရှင်း သည့်နေရာတွင် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် တုံ့ပြန်နိုင်စွမ်းရှိသည့် စိတ်ဓာတ်ကို ထုတ်ဖော်ပြသနိုင်ခဲ့ပါသည်။ အာဆီယံ အနေဖြင့် COVID-19 တုံ့ပြန်ရေးဆိုင်ရာ အာဆီယံရန်ပုံငွေနှင့် အာဆီယံ ဒေသတွင်း အရန်ဆေးဘက်ဆိုင်ရာပစ္စည်းများထားရှိ သုံးစွဲနိုင်ရေးအပြင် အရေးပေါ် ပြည်သူ့ကျန်းမာရေးတုံ့ပြန်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတစ်ရပ် ချမှတ်နိုင်ရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။

ထို့အပြင် အာဆီယံသည် စျေးကွက်တည်ငြိမ်မှုရှိစေရန် ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိနိုင်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း မှုကို ဆောင်ရွက်လျက်ရှိပါသည်။ COVID-19 ကူးစက်ရောဂါကြောင့် ဒစ်ဂျစ်တယ် နည်းပညာနှင့် ဒစ်ဂျစ်တယ်စီးပွားရေးသို့ အလျင်အမြန်ကူးပြောင်းနေရသည့် အတွက် အာဆီယံအနေဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ အထူးသဖြင့် ဒစ်ဂျစ်တယ် စီးပွားရေးဘက်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့အချိန်အခါတွင် အာဆီယံအသိုက်အဝန်းထူထောင်ရာ၌ မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေးအတွက် လူ့အဖွဲ့အစည်းတစ်ရပ်လုံးပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့်လုပ်ဆောင် လျက်ရှိပါသည်။ အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်း စေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အာဆီယံကနဦးပေါင်းစည်းရေး လုပ်ငန်း အစီအစဉ် (The Initiative for ASEAN Integration - IAI) သည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် IAI လုပ်ငန်းအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး IAI လုပ်ငန်း အစီအစဉ်အသစ် (၂ဝ၂၁-၂ဝ၂၅)ရေးဆွဲသည့်နေရာတွင် ဦးဆောင်လျက် ရှိပါသည်။

ပိုမိုပေါင်းစည်းသည့် အာဆီယံစီးပွားရေးအသိုက်အဝန်း ပေါ်ထွန်းလာ သည်နှင့်အမျှ မြန်မာနိုင်ငံအတွက် ဒေသတွင်းပို့ကုန်ဈေးကွက်၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမည်ဖြစ်ပြီး ဒေသတွင်းနှင့်ဒေသပြင်ပရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များနှင့် လူနေမှုဘဝများ ပိုမိုတိုးတက်မြင့်မားလာမည် ဖြစ်ပါသည်။

ယခုကဲ့သို့မင်္ဂလာရှိသည့် အခါသမယတွင် မြန်မာပြည်သူပြည်သား အားလုံးနှင့် အာဆီယံ ပြည်သူတစ်ရပ်လုံး အောင်မြင်မှုများ ရရှိကြပါစေ ကြောင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာ ဝပြောမှုကို အထောက်အကူဖြစ်စေမည့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံအသိုက်အဝန်း ထူထောင်မှုလုပ်ငန်းစဉ်များ တိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။