နေပြည်တော် ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီးအတွင်းရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာရှိ ပေါ်တော်မူဆုတောင်းပြည့်ဘုရားကြီးကျောင်းဓမ္မာရုံ၌အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၉၉၅ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၄၅ ဦး၊ ခွဲစိတ်ရောဂါ ၇၆ ဦး၊ ကလေး ရောဂါ ၃၇ ဦး၊ သားဖွားမီးယပ်ရောဂါ ၃၉ ဦး၊ အရိုးရောဂါ ၂၂၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၈ ဦး၊ မျက်စိရောဂါ ၂၂၄ ဦး၊ သွားရောဂါ၂၂ ဦးနှင့် အထွေထွေရောဂါ ၆၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေ ခွဲစိတ်လူနာခြောက်ဦး၊ မျက်စိကုသမှုလူနာ ၁၀ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၈၉ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၄ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်း ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများကို သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများအား စားရေးအဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် အလှူရှင်များက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်