စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ မင်းလှကျေးရွာတွင် ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ဒေါ်နွယ်အား CP အသားစားကြက် မွေးမြူပုံအဆင့်ဆင့်အား မေးမြန်းခဲ့သည်။
လုပ်ငန်းရှင် ဒေါ်နွယ်အနေဖြင့် ကြက်ပေါက်များကို မုံရွာဒိုင်မှ ဝယ်ယူ၍ မွေးမြူရကြောင်း မိမိခြံတွင် ကြက်အကောင်(၆၀၀) မွေးမြူထားကြောင်းနှင့် ကြက်ပေါက်တစ်ကောင်လျှင် ယခင်က (၁၅၀၀)ကျပ်နှင့် ဝယ်ယူရပြီး ယခုအခါတွင် ကြက်ပေါက်တစ်ကောင်လျှင် (၁၇၅၀)ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
ကြက်ပေါက်များမွေးမြူရာတွင် ကြက်ကလေးများကို အထူးဂရုစိုက်ရပါသည်။ ကြက်ပေါက် များသည် ပူလွန်း၊ အေးလွန်းသည့် ရာသီဥတုကိုမခံနိုင်ပေ။ ကြက်ပေါက်များ မိမိခြံသို့ ရောက်ရှိလာပါက ကြက်ပေါက်များအနေဖြင့် ခရီးပန်းခြင်း၊ ရာသီဥတိုအပြောင်းအလဲများကြောင့် ရာသီဥတုပေါ်မူတည်၍ မွေးမြူရကြောင်း၊ ကြက်ပေါက်များကို မွေးမြူစတွင် ရေခဲဆေး တိုက်ရကြောင်း၊ စတင်မွေးမြူစမှ ရက်ပေါင်း (၂၀)ရက်နေ့ထိ လွှစာမှုန့်ခံ၍ မိမိအနေဖြင့် မွေးမြူထားကြောင်း၊ ရက်ပေါင်း (၂၀)ကျော် ပါက လွှစာမှုန့်များကိုဖယ်ပြီး ကြမ်းကျင့်ချိန်တွင် ကြမ်း၏ အအေးဒဏ်နှင့် ရေ၏အအေးဒဏ်မခံရ အောင် အထူးဂရုစိုက်ရကြောင်း၊ ၎င်းတို့၏ အအေးဒဏ်များခံရပါက နှာစေး၊ ချောင်းဆိုး၊ ချွဲကြပ် ရောဂါများ ဝင်ရောက်၍ သေဆုံးမှုများ မဖြစ်ရအောင် အထူးဂရုစိုက်ရကြောင်း၊ ကြက်များ အရွယ်ကြီးရင့်၍ ကျန်းမာရေးကောင်းမွန်ပါက အားဆေး(၁)ကြိမ်တိုက်ကျွေးရပြီး၊ ကျန်းမာရေးမကောင်းပါက အားဆေး(၂)ကြိမ်တိုက်၍ ဖြစ်ပေါ်သည့် ရောဂါပေါ်မူတည်၍ ဆေးတိုက်ရကြောင်း သိရှိရသည်။
ကြက်မွေးမြူရာတွင် မိမိမွေးမြူသည့် ကြက်အမျိုးအစားပေါ်မူတည်၍ ကြက်စာများကျွေးရပါ သည်။ မိမိအနေဖြင့် CP အသားစားကြက်များ မွေးမြူသည့်အတွက် CP ကြက်စာကိုသာ ကျွေးမွေး ရပါသည်။ ကြက်စာတွင်လည်း ကြက်သားပေါက်စာ၊ ကြက်လတ်စာနှင့် ကြက်ကြီးစာဟူ၍ (၃)မျိုးရှိ ပါသည်။ မိမိအနေဖြင့် မွေးမြူစမှ (၁၅)ရက်သားအရွယ်အထိ ကြက်ငယ်စာကို ကျွေးမွေးပါကြောင်း၊ (၁၆-၂၈) ရက်သားအရွယ်ခန့်ထိ ကြက်လတ်စာကို ကျွေးမွေးကာ (၂၉)ရက်ခန့်မှ ကြက်ရောင်းချသည့် အချိန် (၃၅-၄၅)ရက်သား အရွယ်ခန့်ထိ ကြက်ကြီးစာကို ကျွေးမွေးပါသည်။
CP ကြက်စာဈေးနှုန်းများအနေဖြင့် ကြက်သားပေါက်စာ(50kg) တစ်အိတ်လျှင် (၆၇၀၀၀)ကျပ်၊ ကြက်လတ်စာ (50kg)တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်၊ ကြက်ကြီးစာ (50kg)တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ပေး၍ ဝယ်ယူရသည်။ ကြက်စာများကို တစ်နေ့လျှင် (၃) ကြိမ်ခန့်ကျွေး၍ မွေးမြူရပါကြောင်း သိရှိရပါသည်။
ကြက်မွေးမြူရာတွင် ကြက်ချေးနံ့များကြောင့် ပတ်ဝန်းကျင်တွင် အနံ့ဆိုးများကြောင့် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန်အတွက် ကြက်ချေးများကို ကြက်မွေးမြူစမှ (၇)ရက်သားအရွယ်တွင် (၁)ပတ်လျှင် တစ်ကြိမ်၊ (၈-၂၀)ရက်သား အရွယ်တွင် (၂)ရက်လျှင် တစ်ကြိမ်၊ (၂၀)ရက်သားမှ ရောင်းချသည့် အရွယ်ထိ တစ်ရက်လျှင်တစ်ကြိမ် ကြက်ချေးများကိုကျုံး၍ ကြက်ခြံဘေး ပတ်လည်နှင့် ကြက်ခြံအောက်ခြေများအား အနံ့ဆိုးများ မထွက်စေရန်အတွက် စိုက်ပျိုးရေးသုံး မိုးကာများဖြင့် ကာရံခြင်း၊ ထုံးဖြူးခြင်းများကို အလေးထား၍ ဆောင်ရွက်လျက်ရှိပါသည်။
ကြက်မွေးမြူရေးလုပ်ငန်းသည် အိမ်အပြင်သို့ မထွက်ရဘဲ မိသားစု လုပ်အားများဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူရသောကြောင့် မိမိအနေဖြင့် တွက်ခြေကိုက်မှုရှိပါကြောင်း၊ ကြက်သားဈေးကောင်းများ ရရှိသည်နှင့် ကြုံလျှင် ကြက်စာများ၊ ဆေးဝါးများနှင့် လုပ်သားခများ နှုတ်ယူပြီး၊ ကြက်များ အသေအပျောက်နည်းပါက အသားတင်အမြတ်ငွေအားဖြင့် (၇၀၀၀၀၀-၈၀၀၀၀၀) ကျပ်ခန့် အမြတ်ရရှိပါကြောင်း၊ ကြက်သားဈေးမကောင်းလျှင် (၅၀၀၀၀၀)ကျပ်ခန့်သာ အမြတ်ကျန်ရှိပြီး၊ တစ်ခါတစ်ရံတွင် အရှုံးများဖြင့် ရင်ဆိုင်ရသည်နှင့် ကြုံတွေ့ရပါကြောင်း ကြက်မွေးမြူရေးလုပ်ငန်းရှင် ဒေါ်နွယ်ထံမှ မေးမြန်းသိရှိရသည်။
DOCA(စစ်ကိုင်း)