လက်ဖက်ပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြဲတမ်းစိမ်းစိုလျက်ရှိသည်။ သဘာဝအလျောက် ပေါက်သော လက်ဖက်ပင်သည် ပေ ၃၀ ခန့်အထိ မြင့်နိုင်သည်။ သို့သော် လက်ဖက်ခြံများတွင်မူ ထိုမျှလောက် မြင့်အောင်မထားဘဲ လေးပေငါးပေလောက်သာ မြင့်ရန် အစဉ်ဖြတ်ထားပေးလေ့ရှိသည်။ ရည်ရွယ်ချက်မှာ အကိုင်းအခက် များစွာမထွက်ဘဲ အရွက်များကို များနိုင်သမျှ များစေရန်ဖြစ်သည်။ လက်ဖက်ရွက်ခူးသူများသည် များသောအားဖြင့် အမျိုးသမီးနှင့် ကလေးများသာ ဖြစ်သည့်အတွက် အရွက်များခူးရာတွင် လက်လှမ်းမှီမှီနှင့် တစ်ပင်လုံးကို ခူးနိုင်စေရန် ဖြစ်လေသည်။ လက်ဖက်ပင်တွင် လက်ဖက်ရွက်သည် အသုံးဝင်အဖိုးတန်သော ပစ္စည်းဖြစ်၏။ လက်ဖက်စိုက်ပျိုးရာတွင် လက်ဖက်စေ့များကို သင့်တော်သောမြေ၌ ဦးစွာပျိုးပေး၍ တစ်ပေလောက်ကြီးလာသောအခါမှ ခြံများသို့ ရွှေ့ပြောင်းပြီးလျှင် တစ်ပင်နှင့် တစ်ပင်ကို ငါးပေခြောက်ပေခန့်ခွာ၍ စိုက်ရသည်။ အများအားဖြင့် လက်ဖက်ပင်များကို တောင်စောင်းများတွင် လှေကားထစ်သဖွယ် အဆင့်ဆင့်ပြုလုပ်၍ စိုက်ပျိုးလေ့ရှိကြလေသည်။
လက်ဖက်ပင်စိုက်ပျိုးသော ဒေသနှင့် ရာသီဥတုတို့အပြင် အပင်၏ သန်စွမ်းမှုပေါ်တွင် အကြောင်းပြု၍ လက်ဖက်ရွက်များကို တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာ ခူးယူနိုင်သည်။ ပူသောဒေသများတွင် နွေ ခြောက်လအတွင်း ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်မျှခူးနိုင်၍ အေးသောနေရာများတွင်မူ ခူးသည့်အကြိမ်အရေအတွက်ကို လျှော့ပေးရပါသည်။ အပင်မနာအောင်လည်း အထူးဂရုပြုရန် လိုပေသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းနယ်၊ မိုးမိတ်နယ်နှင့် မိုင်းလုံနယ်များတွင် လက်ဖက်ပင်များကို စိုက်ပျိုးသည်။ မိုးမိတ်နယ်နှင့် မိုင်းလုံနယ်တို့မှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုများကို အပြင်တောင်ဟုခေါ်၍ တောင်ပိုင်းနယ် သို့မဟုတ် နမ့်ဆန်နှင့် မိုင်းငေါ့ အပါအဝင် ဒေသများမှ ထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုတို့ကို အတွင်းတောင်ဟုခေါ်သည်။ လက်ဖက်ရွက်ကို အချဉ်ဖောက်၍ နှပ်ကာရရှိလာသော လက်ဖက်ကို အဆာပလာမျိုးစုံရောပြီး လက်ဖက်သုပ်အဖြစ် စားသုံးကြသည်။ လူသိများသော လက်ဖက်ခြောက်နှစ်မျိုးမှာမူ လက်ဖက်ခြောက်မည်းဟု ခေါ်သော အချိုသောက်လက်ဖက်ခြောက်မျိုးနှင့် လက်ဖက်ခြောက်စိမ်းဟု ခေါ်သော အကြမ်းသောက် လက်ဖက်ခြောက်မျိုးတို့ ဖြစ်ကြသည်။ ထိုနှစ်မျိုးမှာ လက်ဖက်ပင်တစ်မျိုးစီမှ ရခြင်းမဟုတ်၊ လက်ဖက်တစ်ပင်တည်းမှ ပင်ရ၍ တစ်မျိုးစီပြုပြင် ထားခြင်းသာဖြစ်လေသည်။ လက်ဖက်ခြောက်ဖြစ်အောင် ပြုပြင်ရာ၌ ခူးပြီးသောအရွက်များကို ပထမတွင် နွမ်း၍ နူးညံ့ပျော့ပျောင်းလာသည့်တိုင်အောင် ဖြန့်ထားရသည်။ ထို့နောက် အရွက်များကျို၍ အနံ့ရှိသည့် အစေးများ ထွက်လာစေရန် လိပ်ပေးရသည်။ လက်ဖက်ခြောက်တွင် သီအင်းဓာတ်ပါ၍ ထိုဓာတ်မှာ ကော်ဖီတွင်ပါသည့် ကဖိန်းဓာတ်နှင့်အတူတူပင်ဖြစ်သည်။
မြန်မာလူမျိုးများ အနှစ်သက်ဆုံးဟု ပြောလေ့ပြောထရှိခဲ့ကြသော အာဟာရဝတ္ထုသုံးမျိုးထဲတွင် လက်ဖက်သည်လည်း အဓိကပါဝင်ပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် လက်ဖက်သည် အရေးပါ၏၊ မြန်မာနိုင်ငံတွင် လက်ဖက်အစိုနှင့် အခြောက်ဟူ၍ရှိရာ ထိုနှစ်မျိုးစလုံးကိုပင် သုံးစွဲကြသည်။ သောက်သုံးပြီးသော လက်ဖက်စိမ်းထုပ်ကို နွေးနေသောအချိန်တွင် မျက်ခွံပေါ်တွင် ကပ်လျှင် သွေးလည်ပတ်မှုကို ကောင်းစေပြီး မျက်ကွင်းညိုခြင်း၊ မျက်ရည်အိပ်ဖောင်းခြင်းတို့ကို ပျောက်ကွယ်စေနိုင်သည်။ ရေခဲစိမ်ထားသော လက်ဖက်စိမ်းထုပ်ဖြင့် ခန္ဓာကိုယ်ပေါ်တွင် ဖိကပ်ထားပါက ဖောရောင်ခြင်းကို ပျောက်ကွယ်စေသည်။ နှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်း၊ ခြေဖနောင့် အက်ကြောင်းထခြင်း တို့သည် ခန္ဓာကိုယ်ရေဓာတ်လိုအပ်နေသည်ကို ဖော်ပြနေသည်သာမက၊ ခန္ဓာကိုယ်ရှိဆဲလ်လည်း ပျက်ဆီးနေသည်။ တစ်ပတ်လျှင် ၃-၅ ကြိမ်အထိ နှုတ်ခမ်းနှင့် ခြေဖနောင့်ကို လက်ဖက်ဖြင့် သုတ်လိမ်းပါက လက်ဖက်ခြောက်တွင်ပါသော ဖီနောဓာတ်ပါဝင်ခြင်းကြောင့် ခြောက်သွေ့ရာမှ စိုပြေလာစေပြီး ခန္ဓာကိုယ်ရှိ ဆဲလ်များ ပြန်လည်ရှင်သန်မျိုးပွားလာစေနိုင်ပါသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုထဲတွင် လက်ဖက်သည် မပါမဖြစ်များစွာ အသုံးဝင်သကဲ့သို့ ခန္ဓာကိုယ်အတွက်လည်း အသုံးဝင်ပြီး အကျိုးသက်ရောက်မူ ကောင်းစွာရရှိနိုင်သောအရွက်မျိုး ဖြစ်ပါသည်။ လက်ဖက်တွင် အကျိုးသက်ရောက်မှု ကောင်းကျိုးများစွာရှိသောကြောင့် လက်ဖက်ကို အသုံးပြုပေးရန် လိုအပ်သည်။
DOCA(ကယား)