တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ “Light House” အမှတ်တံဆိပ် ကော်ဖီမှုန့်အား ထုတ်လုပ်ရာတွင် ကော်ဖီပင်များအား ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ကော်ဖီမှုန့်ထုတ်လုပ်ရန် လိုအပ်သောကုန်ကြမ်းဖြစ်သည့် ကော်ဖီစေ့များအား မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ကိုယ်ပိုင်စိုက်ခင်းများဖြင့် ဧက(၅၀၀)ခန့် စိုက်ပျိုးထားကြောင်း၊ ကိုယ်ပိုင်စိုက်ခင်းများမှ စိုက်ပျိုးထွက်ရှိလာသော ကော်ဖီစေ့များအား ရန်ကုန်မြို့တွင် အခွံချွတ်ပြီး လှော်ကြောင်း၊ အခွံချွတ်လှော်ထားပြီးဖြစ်၍ အသင့်ကြိတ်၍ရသော လှော်ပြီးသား ကော်ဖီစေ့များအား ပါကင်ထုတ်၍ လည်းကောင်း၊ အမှုန့်ကြိတ်ပြီး ပါကင်ထုပ်၍ လည်းကောင်း ဖြန့်ဖြူးရောင်းချကြောင်းသိရပါသည်။
ထုတ်လုပ်မှုအနေဖြင့် (၁၀၀)ဂရမ်၊ (၂၀၀)ဂရမ်နှင့် (၅၀၀)ဂရမ်အထုပ်များကို ထုတ်လုပ်ပြီး ဈေးနှုန်းအနေဖြင့် (၁၀၀)ဂရမ်တစ်ထုပ်လျှင် (၃၀၀၀) ကျပ်နှုန်း၊ (၂၀၀) ဂရမ်တစ်ထုပ်လျှင် (၆၀၀၀) ကျပ်နှုန်းနှင့် (၅၀၀)ဂရမ်တစ်ထုပ်လျှင် (၁၃၀၀၀)ကျပ်နှုန်းတို့ဖြင့် နယ်ကိုယ်စားလှယ်များအား ရောင်းချပေးကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေးနှင့် တောင်ငူမြို့များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
“Light House” အမှတ်တံဆိပ် ကော်ဖီမှုန့်သည် ပင်လောင်းကော်ဖီမျိုးစေ့အား စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ “Light House” အမှတ်တံဆိပ် ကော်ဖီမှုန့်သည် ပြည်ပဈေးကွက်တွင်မူ ဈေးကွက်အခိုင်အမာရရှိထားပြီး ပြည်ပနိုင်ငံများဖြစ်သော ကနေဒါ၊ ဂျာမဏီ၊ အမေရိကန်နှင့် ထိုင်းနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း “Light House” အမှတ်တံဆိပ် ကော်ဖီမှုန့်လုပ်ငန်းရှင်၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)