တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာအုပ်စုရှိ စစ်တောင်းမြစ်ကမ်း နုန်းတင်မြေများတွင် စိုက်ပျိုး ထားသော နေကြာများမှာ အောင်မြင်ဖြစ်ထွန်း၍ အပွင့်များဝါဝါထိန်လျက် တစ်ခင်းလုံး ပွင့်နေပါသည်။ ထို့အပြင် နေကြာခင်းများဘေးတွင် မွေးမြူရေးပျားပုံးများကိုလည်းတွေ့ရပါသည်။
နေကြာစိုက်ပျိုးထားရှိမှုသည် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် အကျိုးရှိရုံသာမက ပျား မွေးမြူရေးကိုလည်း အထောက်အကူပြုပါသည်။ နေကြာပန်းများလှိုင်လှိုင်ပွင့်ချိန်တွင် ပျားမွေးမြူ ရေးပုံးများကို နေကြာခင်းများဘေးတွင် ချထားပါသည်။ နေကြာတစ်ဧကစိုက်ထားသည့် အခင်းဘေးတွင် ပျားမွေးမြူရေးပုံး ၁၀ ပုံးမှ ပုံး ၂၀ အထိချထားနိုင်ပါသည်။ ပျားများလေ နေကြာခင်းများ ဝတ်မှုန်ကူးရန်အတွက် ပို၍အဆင်ပြေလေဖြစ်ပါသည်။ ဒိုးအင်းကျေးရွာ အုပ်စုတွင် နေကြာသီးသန့် ၂၃၈ ဧကနှင့် မတ်ပဲခင်းများတွင် နေကြာသီးညှပ် ၆၁၈ ဧက စိုက်ပျိုးထားသည်ဟု သိရှိရပါသည်။
ဒိုးအင်းကျေးရွာအုပ်စုရှိ နေကြာပန်းခင်းများတွင် ပျားမွေးမြူရေးပုံး ၃၀၀ ပုံးချထားကြောင်း၊ နေကြာခင်းများမှ ပန်းဝတ်ရည်၊ ပန်းဝတ်မှုန်များ ပေါများစွာရရှိသဖြင့် ပျားပုံး ၃၀၀ ပုံးမှ ၁၀ ရက်တစ်ခါ ပျားရည်ထုတ်လျှင် ပျားရည်ပိဿာချိန် ၃၀၀ ပိဿာခန့်နှင့် ပျားဖယောင်း ၆ ပိဿာခန့် ရရှိကြောင်း၊ ဝတ်မှုန်ဇကာခံထားခြင်းမရှိ၍ ဝတ်မှုန်မရပါကြောင်း၊ ပန်းနှမ်း၊ နှမ်းနှင့် လဲမှိုပွင့်ချိန်များတွင် ဝတ်မှုန်ထုတ်ပါကြောင်း၊ ပျားရည်တစ်ပိဿာလျှင် ၄၈၀၀ ကျပ်၊ ပျားဖယောင်း တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်နှင့် ပန်းဝတ်မှုန်တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း၊ ရန်ကုန်မြို့မှ ကုမ္ပဏီများက ဝယ်ယူကြောင်း၊ ပျားမွေးမြူရေးပုံး ၃၀၀ ပုံးကို ဝန်ထမ်း ၃ ဦးဖြင့် လုပ်ငန်းဆောင်ရွက်ပါကြောင်း၊ နေကြာစိုက်ပျိုးမှုများကြောင့် မွေးမြူရေး အတွက်ပါ အကျိုးဖြစ်ထွန်းနေကြောင်း ပျားမွေးမြူရေး တာဝန်ခံ၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)