Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းရှိ Charging Station ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၆

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် လုပ်ငန်း ကော်မတီအဖွဲ့ဝင်၊ ကော်မတီအတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်သုံး ယာဉ်များ ပြေးဆွဲ/ အသုံးပြုရေးအတွက် ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် NPK Motors Co.,Ltd မှ တည်ဆောက်လျက်ရှိသည့် နေပြည်တော် သပြေ ကုန်းရှိ Charging Station တည်ဆောက်လျက်ရှိ သည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ NPK Motors Co.,Ltd ၏ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး Charging Station တည်ဆောက် ခြင်းနှင့် လျှပ်စစ်သုံးတက္ကစီယာဉ် BYD အား လျှပ်စစ် အားသွင်းခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံ သရုပ်ပြသမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Charging Stand များ တပ်ဆင်ရန် နေရာချထားမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လျှပ်စစ်ကား များ အသုံးပြုလာချိန်တွင် ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် ပြည်သူများ အသုံးပြုမှုများပြားသော ဈေးဝယ်စင်တာများ၊ ဘတ်စ်ကားဂိတ်များနှင့် အဝေးပြေးယာဉ်ရပ်နား စခန်းနေရာများတွင် လွယ်လင့်တကူ အားသွင်းနိုင် ရေးအတွက် နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက် ရှိသည့်အပြင် လျှပ်စစ်ယာဉ်များနှင့် ပတ်သက်သည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များကို လုပ်ငန်း တာဝန်များသတ်မှတ်၍ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သို့ဖြစ်၍ Charging Station များ တည်ဆောက်ရာတွင်လည်း လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ချိန် အချိန်မီပြီးစီးရေးတို့ကို အလေးဂရုပြု ဆောင်ရွက်ရန်မှာကြားသည်။

ပြည်သူများ အသုံးပြုရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် လျှပ်စစ်သုံးယာဉ်များအတွက် Charging Station များကို နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ သုခတော်ဝင်အိမ်ရာရှေ့၊ မြို့မဈေး၊ သပြေကုန်းဈေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နားစခန်း စသည့်တည်နေရာ များတွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝင်းများ၊ သီရိမင်္ဂလာဈေး၊ သခင်မြပန်းခြံ၊ မန္တလေးမြို့တွင် မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေးပြေးကားဝင်းများစသည့် နေရာများတွင်လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင်တိုင်(၁/၀) တိုးလ်ဂိတ်၊ မိုင်တိုင်(၁၁၅/၀) ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၀) နေပြည်တော် ယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၈၄/၀) သီးကုန်းယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၃၅၂/၀) စကားအင်းယာဉ်ရပ်နားစခန်း စသည့်နေရာ တို့တွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်