နေပြည်တော် ဖေဖော်ဝါရီ ၁၅
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် အာရှဇုန်ရှိ ပြည်ပနိုင်ငံများမှ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ သံရုံးအကြီးအကဲများ၊ သံရုံးယာယီတာဝန်ခံများ၊ ကောင်စစ်ဝန်ချုပ်များ၊ လော့အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်တို့နှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်း အတွင်းဝန် ဦးချမ်းအေး၊ သံအမတ်ကြီး ဦးမောင်မောင်လင်း၊ သံအမတ်ကြီး ဦးအောင်စိုးဝင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံ့တာဝန်များကို ရှေ့တန်းခံစစ်စည်းမှ ထမ်းဆောင်နေကြသည့် သံရုံးအကြီးအကဲများ၏ စွမ်းဆောင်ရည်များကို အသိအမှတ် ပြုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုရင်ဆိုင်ကြရာတွင် ပြည်ပနိုင်ငံများရှိ ရှေ့တန်းခံစစ်စည်းမှ နိုင်ငံတော်၏အကျိုးစီးပွားများကို ကာကွယ်ထမ်းဆောင်လျက် ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို မလွှဲမရှောင်သာ တာဝန် ယူနေရခြင်းဖြစ်ပြီး လက်ရှိကာလတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုလည်း ဆက်လက်ကျင့်သုံး လျက်ရှိပါကြောင်း။
ထို့အတူ နိုင်ငံတော်၏ ပကတိ လိုအပ်ချက်များဖြစ်သည့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်ကိုလည်း အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ သံရုံးအကြီးအကဲများအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန် များကို မိမိတို့တာဝန်ထမ်းဆောင်သည့် နိုင်ငံများတွင်အိမ်ရှင်အစိုးရများ သိရှိစေရန်အတွက် ဆောင်ရွက်သွားရန် တာဝန်ရှိပါကြောင်း၊ သက်ဆိုင်ရာနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကိုလည်း ကူညီစောင့်ရှောက်သွားရန် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများကိုလည်း ထမ်းဆောင်ရမည့်တာဝန်၊ လိုက်နာရမည့်စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်အညီ ကျရာနေရာမှ စိတ်ဓာတ်၊ စည်းကမ်းနှင့် စာရိတ္တ ကောင်းသူများဖြစ်စေရန် လေ့ကျင့်ပျိုးထောင်ပေးကြပါရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် သစ္စာစောင့်သိမှုဆိုသော တာဝန်ကိုအထူးဂရုထားကြရန်လည်း မှာကြားလိုပါကြောင်း၊ တာဝန်အရပေးအပ်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရန်နှင့် တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုခြင်း၊ တာဝန်ပျက်ကွက်ခြင်းများ မဖြစ်ပေါ်စေဘဲ တာဝန်ကျေပွန်စွာနှင့် ရိုးသားဖြောင့်မတ်စွာ၊ နိုးကြားတက်ကြွစွာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သံရုံးအကြီးအကဲများနှင့် ဝန်ထမ်းများအကြား အပြန်အလှန်လေးလေးစားစား ဆက်ဆံကြရန်နှင့် တစ်ဦးအပေါ်တစ်ဦး ဂါရဝတရားဖြင့် မိသားစုသဖွယ် ကူညီဖေးမနေထိုင်ကြရန် မှာကြားလိုပါကြောင်း၊ အခက်အခဲ များရှိပါက တင်ပြသွားကြရန်ဖြစ်ကြောင်းနှင့် အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကျရာအခန်းကဏ္ဍမှ ကျေပွန် စွာထမ်းဆောင်သွားကြရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံ ပြည်တွင်း အခြေအနေများ၊ မျက်မှောက်နိုင်ငံရေး အခြေအနေများ၊ မြန်မာနိုင်ငံအပေါ် ပထဝီနိုင်ငံရေးအရသက်ရောက်မှု၊ သံရုံး အကြီးအကဲများအနေဖြင့် ပြည်ပနိုင်ငံ များတွင် မြန်မာနိုင်ငံ၏ လုပ်ဆောင်နေမှု နှင့် အခြေအနေမှန်အတိုင်း ပျံ့နှံ့အောင် အသိပေးဆောင်ရွက်သွားရန်၊ မိမိတို့ လုပ်ငန်းတာဝန်အပေါ် ကျွမ်းကျင်ပိုင်နိုင် သစ္စာရှိစွာဖြင့် ထမ်းရွက်သွားကြရန်၊ သံရုံး ဝန်ထမ်းများအကြား စည်းလုံးညီညွတ်မှုကို တည်ဆောက်၍ နိုင်ငံတော်အကျိုးကို စုစည်းညီညွတ်စွာဖြင့် ကျေပွန်စွာထမ်း ဆောင်သွားကြရန် ပြောကြားသည်။
သတင်းစဉ်