နေပြည်တော် ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်နဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့များပါဝင်သော တပ်မတော် မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၄) ရေတပ်ဗောတံတားသို့ ပြန်လည်ရောက်ရှိလာရာ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၂၁၃၀၀ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၆၇၂၉ ဦး၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ ၁၅၆၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၀၅၂ ဦး၊ ကလေးရောဂါ ၁၁၆၉ ဦး၊ အရိုးရောဂါ ၃၄၉၃ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၁၉၃၄ ဦး၊ မျက်စိရောဂါ ၃၈၀၁ ဦးနှင့် သွားရောဂါ ၁၅၅၇ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၁၀၃၇ ဦး၊ အထွေထွေခွဲစိတ်လူနာ ၆၇၂ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၉၄ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၁၅၈၄ ဦး၊ ECG စက်ဖြင့်နှလုံးစမ်းသပ်လူနာ ၁၇၉၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၂၈၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်နှစ်ဦးတို့အား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကာ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော ဒေသခံပြည်သူ ၁၀၆ ဦးတို့ကိုလည်း သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့သည်။
တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ပြန်လည်ရောက်ရှိလာသည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြုပေးအပ်ချီးမြှင့်သော လက်ဆောင်ပစ္စည်းများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ဧရာဝတီရေတပ် စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းထွေးက ပေးအပ်ပြီး မနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု) တို့ဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ကြောင်းများတစ်လျှောက် ဆေးကုသရန် ခက်ခဲသောကျေးရွာများရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယခုခရီးစဉ်သည် (၁၇) ကြိမ် မြောက်ဖြစ်ပြီး ဒေသခံပြည်သူ စုစုပေါင်း ၁၆၄၈၀၇ ဦးတို့ကို ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ် (ရွှေပုဇွန်) ရှိ သာဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၂၆ ဦးတို့အား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။