Skip to main content

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစား အစာနှင့် ဒေသထွက်ကုန်ပစ္စည်းအရောင်းပြခန်းများ ဆက်လက်ပြသ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာနှင့် ဒေသထွက်ကုန် ပစ္စည်းအရောင်းပြခန်းများအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစား အစာပြခန်းများပြပွဲတွင် ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်း၊ ရန်ကုန်တိုင်းဒေသကြီးစက်မှုဇုန် ၂၉ ဇုန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသေးစား၊ အငယ်စား၊ အလတ်စား ထုတ်ကုန်ပစ္စည်းပြခန်းများ အပါအဝင် စုစုပေါင်းဆိုင်ခန်း ၃၈၅ ခန်း ပါဝင်ပြသကြပြီး ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်ထိ ၅ ရက်တိုင်တိုင် နံနက် ၉ နာရီမှ ည ၁၀  နာရီအထိ ခင်းကျင်းပြသရောင်းချခဲ့ကြသည်။

ပွဲတော်လာပြည်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကများ၊ ရုပ်ရှင်အနုပညာရှင်များ၊ စတူဒီယိုတေးသံရှင်များနှင့် မျိုးဆက်သစ်အဆိုရှင်များ၏ တေးသီချင်းသီဆိုမှုများဖြင့် အသီးသီးဧည့်ခံ ဖျော်ဖြေတင် ဆက်ကြပြီး အလှူရှင်များကလည်း စတုဒိသာလာရောက် ကျွေးမွေးလှူဒါန်းကြသည်။

၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာနှင့် ဒေသထွက်ကုန် ပစ္စည်းအရောင်းပြခန်းများအား ပြည်သူအများ အခမဲ့လာရောက်လေ့လာ ဝယ်ယူကြည့်ရှုနိုင်ခြင်းကြောင့် လာရောက်စျေးဝယ်သူများ၊ လည်ပတ်ကြည့်ရှုသူများဖြင့် ပြပွဲရက်များအတွင်း နေ့စဉ်စည်ကားခဲ့ကြောင်း သတင်းရရှိသည်။