နေပြည်တော် ဖေဖော်ဝါရီ ၁၃
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီ ခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန COVID-19 Central Command Centre ၌ကျင်းပရာ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်သည်။
ပုဂ္ဂလိကဆေးရုံလုပ်ငန်းများအားပေးဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူပြည်သားများ အန္တရာယ်ကင်းသော ကျန်းမာရေးစောင့်ရှောက်မှု၊ အဆောက်အဦပိုင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုများကို ရရှိခံစားစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်အတွက် ပထမအကြိမ်ဗဟိုအဖွဲ့အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီများနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ ပုဂ္ဂလိကဆေးရုံ ၂၇၀ ခန့် အပါအဝင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို လိုင်စင်ခွင့်ပြုထားရှိကာ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို တည်ဆဲဥပဒေ/နည်းဥပဒေများနှင့်အညီ စဉ်ဆက်မပြတ် ကြပ်မတ်လျက်ရှိပါကြောင်း၊ နိုင်ငံတောင်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များဖြင့် ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လိုင်စင်(အသစ်)လျှောက်ထားလာသော အမှုတွဲများကိုလည်း အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တာဝန်ပေးအပ်ထားသော အထူးအဖွဲ့များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကွင်းဆင်းစစ်ဆေးချက်အရ လိုအပ်ချက်များအား လုပ်ငန်းရှင်များက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ဥပဒေနှင့်ညီညွတ်သော ကျန်းမာရေးစောင့်ရှောက်ပေးသူများဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကျန်းမာရေးစောင့်ရှောက်ပေးသူများက သက်ဆိုင်ရာ ကောင်စီအသီးသီး၏ ဥပဒေများ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် တည်ဆဲဥပဒေများကို လိုက်နာရမည်ဖြစ်ကြောင်း၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ များအနေဖြင့် လိုအပ်သလိုကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရန် မှာကြားလိုပါကြောင်း။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ခေတ်နှင့်အညီဝန်ဆောင်မှုများ တိုးတက်ဖြစ်ထွန်းစေရန် ကျောက်ကပ်အစားထိုးကုသခြင်းလုပ်ငန်းများ၊ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းများ၊ ကင်ဆာဓာတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်းလုပ်ငန်းများကို ပုဂ္ဂလိကဆေးရုံများ၌ ဆောင်ရွက်နိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဥပဒေနှင့်အညီတိုးတက်ဖွံ့ဖြိုးစေရန်အတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်ရေး ကောင်းမွန်သောအကြံပြုချက်များပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ကျန်းမာရေးလုပ်ငန်းဆိုင်ရာဆွေးနွေး
ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းမှု၊အတည်ပြုမှတ်တမ်းတင် ဆောင်ရွက်ထားရှိမှုကိုဆွေးနွေး၍ ဗဟိုအဖွဲ့တွဲဖက်အတွင်းရေးမှူး ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးခိုင်က ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကိစ္စကို ဆွေးနွေးသည်။
ယင်းနောက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ပုဂ္ဂလိကကျန်းမာရေး) ဒေါက်တာခင်ခင်ကြီးက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ လိုင်စင်အသစ်၊ သက်တမ်းတိုး၊ နေရာပြောင်း ကိစ္စရပ်များကိုဆွေးနွေးပြီး တက်ရောက်လာသော ဗဟိုအဖွဲ့အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်