Skip to main content

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝပ်နစ်မြှုပ်မှု ဖြစ်ပွားခဲ့သည့် လောဓမ္မနှင့် နမ့်ဘော်ဝမ် (ခ)ရပ်ကွက်သို့ ကယားပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်း ကြည့်ရှုစစ်ဆေး

လွိုင်ကော်  သြဂုတ် ၇

လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်အချို့သည် ကုန်းနိမ့်ပိုင်းတွင် တည်ရှိပြီး မိုးကာလတွင် ရံဖန်ရံခါ မိုးသည်းထန်စွာ ရွာသွန်းချိန်၌ နေအိမ် အချို့နှင့် အများပြည်သူဆိုင်ရာ ဈေးနေရာများသည် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ လျက် ရှိရာ ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေး အတွက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် သြဂုတ်လ (၅) ရက်နေ့ မွန်းလွဲပိုင်းက လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဌာန ဝန်ကြီး၊ စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်များသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နမ့်ဘော်ဝမ် (ခ) ရပ်ကွက်၊ ငွေပန်းလမ်းပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းစဉ် ကာလ၌ ရေနစ်မြှုပ်မှု အခြေအနေများအား အနိမ့်ဆုံးအပိုင်းတွင် နေထိုင်သည့် ပြည်သူများထံသို့ မေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး နှစ်စဉ် ဖြစ်ပေါ်နေမှု ဖြစ်ရာ သက်ဆိုင်ရာ စည်ပင် သာယာရေး အဖွဲ့မှ လျာထားမှု အခြေအနေအား တင်ပြစေခဲ့သည်။

အဆိုပါ နမ့်ဘော်ဝမ် (ခ)ရပ်ကွက်၊ ငွေပန်းလမ်း (၁၆၄၀ ×၁၂) ပေ မြေမှ ကတ္တရာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်နိုင်ရေး လျာထားပြီး ဖြစ်ရာ လမ်းလုပ်ငန်း သာမက ရေဝပ်နစ်မြှုပ်မှု ဖြေရှင်းနိုင်မည့် ရေမြောင်း လုပ်ငန်းများအား ဘဏ္ဍာရေး မူဘောင်နှင့်အညီ ထည့်သွင်းစီမံ နိုင်ရေး တင်ဒါခေါ်ယူချိန်အမီ စနစ်တကျ စီမံသတိပြုဆောင်ရွက် ပေးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောဓမ္မ ရပ်ကွက်သို့ ရောက်ရှိပြီး နှစ်စဉ် ရေဝပ်နစ်မြှုပ်မှု ဖြေရှင်းနိုင်ရန် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားသည့် လုပ်ငန်းအား ရပ်ကွက်နေ ပြည်သူနှင့် အတူ ကြည့်ရှု စစ်ဆေးခဲ့သည်။

လောဓမ္မရပ်ကွက် ရေဝပ်မှုနှင့် ပတ်သက်၍ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍရေးနှစ်တွင် ဦးလှဖေကန် ဆယ်ယူ တူးဖော်ခြင်းလုပ်ငန်း၊ သီရိမင်္ဂလာလမ်း ဦးလှဖေ ကန် ရေလွှတ်မြောင်း ကျောက်စီ ရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်း၊ သီရိ မင်္ဂလာဈေး ဆန်တန်းရှေ့ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခင်ဆန်တန်းရှိ မြောင်းမှတစ်ဆင့် ဘီလူချောင်းအတွင်း ပို့လွှတ်နိုင်ရေး လျာထားပြီးဖြစ်ရာ အဆိုပါနေရာများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာန တာဝန်ရှိသူများ အနေဖြင့် ယခုနှစ်တွင် အဆိုပါရေနုတ် မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက် ပေးသွားရန်၊ လာမည့် ဘဏ္ဍာနှစ်တွင် ရေနုတ်မြောင်းအား အုတ်စီရေမြောင်း ပြုလုပ်ရာတွင် စနစ်တကျ ဖြစ်စေရေး အတွက် သက်ဆိုင်ရာ ဌာနများနှင့် ကော်မတီများမှ စနစ်တကျ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သွားရန်နှင့် ရပ်ကွက်နေ ပြည်သူများ အနေနှင့်လည်း ရေနုတ်မြောင်း တစ်လျှောက် အမှိုက်စွန့်ပစ်မှု မရှိစေရေး၊ စနစ်တကျ အမှိုက်စွန့်ပစ်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)