မြဝတီ ဩဂုတ် ၆
ထိုင်းနိုင်ငံရှိ ခရိုင်ဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၀၄၄) ဦးသည် ယနေ့ ဩဂုတ်လ (၆)ရက်နေ့ နံနက်(၆) နာရီမှ ညနေ (၆) နာရီအထိ မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှ တစ်ဆင့် မိမိအစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက် လာကြသည်။ ပြန်လည်ဝင်ရောက်လာသူများမှာ အမျိုးသား(၅၃၅)ဦးနှင့် အမျိုးသမီး(၅၀၉)ဦး စုစုပေါင်း (၁၀၄၄)ဦးဖြစ်ပြီး အများစုမှာ ကိုယ်ဝန်ဆောင်သူများ၊ ကျောင်းပြန်တက်ရမည့် ကလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသူများနှင့် စက်ရုံလုပ်ငန်းများ ကာလကြာပိတ်ထားသဖြင့် အလုပ်နည်းပါးလာသောကြောင့် ပြန်လာကြသူများ ဖြစ်သည်။
အဆိုပါ ပြန်ဝင်ရောက်လာသောသူများအား မြဝတီခရိုင် တာဝန်ရှိသူများက ထိုင်းနိုင်ငံနယ်စပ်ဂိတ် မဲဆောက်ဘက်ခြမ်းသို့ သွားရောက်ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာဒေသအသီးသီးရှိ Quarantine Center များသို့ စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါသည်။