Skip to main content

ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများ အလေးအနက်ခံယူအပ်သည့် ပြည်ထောင်စု စိတ်ဓာတ်

မြန်မာနိုင်ငံ၏လွတ်လပ်ရေးသည်  ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ တိုင်းရင်းသားတို့၏စည်းလုံးညီညွတ်မှုကို သက်သေစိုက်ထူခဲ့သည့် အထိမ်းအမှတ်ဖြစ်သော ပြည်ထောင်စုနေ့သည် စိန်ရတုလွန် (၇၆) နှစ်မြောက်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ မိမိတို့နိုင်ငံ၏   သမိုင်းကြောင်းကိုပြန်ကြည့်လျှင် ဂုဏ်ယူဖွယ်များစွာနှင့်အတူ သင်ခန်းစာယူဖွယ်များကိုလည်း တွေ့ရှိနိုင်သည်။ အတိတ်သမိုင်းတွင် မြန်မာနိုင်ငံတော်ကြီး ထွန်းလင်းတောက်ပခဲ့သည့် အခါသမယများသည် နိုင်ငံအတွင်း စည်းလုံးညီညွတ်ခြင်းဖြင့် တစ်သွေးတည်း၊ တစ်သံတည်း အင်အားခိုင်မာတောင့်တင်းခဲ့သော အချိန်များဖြစ်ပြီး မြန်မာတို့ဘုန်းတန်ခိုးမှိန်သည့်ကာလသည် ဝါးအစည်းပြေသကဲ့သို့   စည်းလုံးညီညွတ်မှုပြိုကွဲသော ကာလပင်ဖြစ်သည်။ အဆုံးစွန်သောအခြေအနေတွင် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာပိုင်ဆိုင်မှုဆုံးရှုံးခဲ့ရပြီး ကျွန်သပေါက်ဘဝဖြင့် နိုင်ငံပျောက်ကွယ်သွားခဲ့ရသည်။

မိမိတို့နိုင်ငံကို လာရောက်သိမ်းပိုက်အုပ်စိုးခဲ့သူတို့သည် လောဘကြီးသလောက် ပရိယာယ်ကြွယ်ဝသူများလည်းဖြစ်သည်။ လက်အောက်ခံဘဝရောက်ရှိနေသော လူမျိုးများကို မည်သို့အုပ်ချုပ်မည်၊ အချိန်တန်၍ သူ့လူမျိုး သူ့နိုင်ငံဟူ၍ မဖြစ်မန ပြန်လည်ပေးအပ်လျှင်ပင် မည်သို့ပေးအပ်မည် စသည်တို့အတွက် နယ်ချဲ့တို့၏ပရိယာယ်များမှာ အပေါ်ယံလေ့လာရုံဖြင့်မရ။ တိုင်းရင်းသားလူမျိုးများစွာ စုပေါင်းနေထိုင် ကြသော နိုင်ငံတစ်နိုင်ငံအတွက် အလွယ်တကူအုပ်ချုပ်နိုင်ရန် အလုပ်အဖြစ်ဆုံးနည်းလမ်းမှာ သွေးခွဲအုပ်ချုပ်သည့်နည်းလမ်းပင်ဖြစ်သည်။    နိုင်ငံ၏သယံဇာတအရင်းအမြစ်များကို အနိုင်ကျင့်ရယူရန်သာအဓိကထားသည့် နယ်ချဲ့အစိုးရအဖို့ တွက်ခြေကိုက်သည့် နည်းလမ်းလည်းဖြစ်သည်။

တောင်တန်းဒေသများနှင့် ပြည်မကို ခွဲခြားအုပ်ချုပ်ခြင်း၊ တောင်တန်းဒေသများကိုလည်း လူမျိုးအလိုက်ထပ်မံခွဲခြမ်းခြင်း၊ ယင်းဒေသများတွင် နယ်ချဲ့လက်အောက်ခံ ပဒေသရာဇ် စနစ်ကို ဆက်လက်အသက်သွင်းထားခြင်း၊ ကူးလူးဆက်ဆံမှုများ ကန့်သတ်ခြင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျသောလူမျိုးများ၊ ဒေသများအဖြစ် ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်အောင် သွေးခွဲသပ်လျှိုခဲ့သည့်ရလဒ်များမှာ မိမိတို့နိုင်ငံအတွက် မျိုးဆက်နှင့်  ချီနေပြီဖြစ်သော  လက်နက်ကိုင်ပဋိပက္ခများ၏  အဓိကအကြောင်းရင်းခံပင်ဖြစ်သည်။  ယင်းအတွက် တစ်ခုတည်းသောအဖြေမှာ ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏    (၇၅)နှစ်မြောက်   ပြည်ထောင်စုနေ့ မိန့်ခွန်းတွင် ‘‘ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ပြည်ထောင်စုကြီးတစ်ခုလုံးကို  တစ်မိသားစုတည်း၊  တစ်အိမ်တည်းလို့ စွဲမြဲခိုင်မာစွာလက်ခံမှတ်ယူထားတဲ့ သဘောထားခံယူချက်ပဲဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးဟာ ဆွေမျိုးသားချင်းညီအစ်ကိုမောင်နှမများဖြစ်တယ်လို့ ခံယူတဲ့စိတ်ဓာတ်၊ တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ကြသူများဖြစ်တယ်လို့ ခံယူတဲ့စိတ်ဓာတ်၊ တစ်ဦးမှာအရေးကြုံရင် တစ်ဦးကမပစ်ပယ်ဘဲ  တလုံးတစည်းတည်း ပူးပေါင်းရင်ဆိုင်ဖြေရှင်းလိုတဲ့စိတ်ဓာတ်၊ အရေးကြီးရင်သွေးစည်းရမယ်လို့ခံယူထားတဲ့စိတ်ဓာတ်၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ  အေးအတူပူအမျှ  တစ်သွေးတည်း၊  တစ်သားတည်းရှိတယ်လို့ခံယူတဲ့စိတ်ဓာတ်တွေကို ပေါင်းရုံးစုစည်းပြီး ခေါ်ဆိုတာဖြစ်ပါတယ်။ ဟူ၍ ရှင်းလင်းစွာ ဖွင့်ဆိုပြောကြားခဲ့ရာ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်ကို ပြည်ထောင်စုဖွားအားလုံးက အလေးအနက်ခံယူကြရန်လိုအပ်သည်ဟု နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။   ။

(မြန်မာ့အလင်းအယ်ဒီတာ့အာဘော်)