နေပြည်တော်၊ ဖေဖော်ဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပုသိမ်လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာ ရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တည်ငြိမ်အေးချမ်းရေးမှအစပြု၍ ဘက်ပေါင်းစုံတွင် ကောင်းမွန်သည့် အခြေအနေတွင်ရှိနေပြီး ကျေနပ်ဖွယ်ရာ ကောင်းသည့်၊ မိမိတို့မြန်မာနိုင်ငံအတွက် အားကိုး အားထားရသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ကြောင်း၊ ထိုကဲ့သို့သော အခြေအနေတွင် ရပ်တည်နိုင်နေခြင်းမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံး၏ ကောင်းမွန်သည့်လုပ်ဆောင်ချက်များနှင့် ဒေသခံပြည်သူလူထုတို့၏ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုကြောင့်ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ကောင်းမွန်သည့် လုပ်ဆောင်ချက်ကောင်းများနှင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက်လျက်ရှိပြီး လက်ရှိအထွက်နှုန်းထက် ပိုမိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ထိုသို့ဆောင်ရွက်စေရခြင်းမှာလည်း တစ်ဦးချင်းတစ်ယောက်ချင်းစီ၏ ဝင်ငွေများ တိုးပွားလာမှုမှအစပြု၍ ဒေသတွင် နေထိုင်သူ များအားလုံး၏ ဝင်ငွေများယခင်ကထက် တိုးတက်ကောင်းမွန်လာပြီး ဒေသတွင်း လည်ပတ်သုံးစွဲငွေ များပြားလာကာ လူမှုစီးပွားဘဝများလည်း တိုးတက်လာနိုင်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း၊ အထွက်နှုန်းပိုမိုကောင်းမွန်ပြီး ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်မည်ဖြစ်ကာ နိုင်ငံတော်၏ စီးပွားရေးအားသည်လည်း တိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ အခွန်ငွေများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး နိုင်ငံတွင်းလည်ပတ်သုံးစွဲငွေများ ပိုမိုများပြားလာပါက နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွား ကိုလည်း ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်သဖြင့် အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း။
ထို့ပြင် ဒေသတွင်းစီးပွားရေးပိုမိုကောင်းမွန်စေရေးအတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ အိမ်သာမှသာလျင် ဧည့်လာမည်ဖြစ်သဖြင့် မိမိတို့နေထိုင်ရာအိမ်၊ လမ်းမှအစပြု၍ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်းရှိ ဘုရားစေတီ ပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများကိုလည်း ကြည်ညိုသပ္ပါယ် ဖွယ်ဖြစ်အောင် ဆောင်ရွက်ထားရှိပါက မြင်သူအပေါင်းတို့ကို စိတ်ချမ်းမြေ့စေမည်ဖြစ်ပြီး နောင်များ တွင်လည်း လာရောက်လည်ပတ်လိုစိတ်များဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများကိုလည်း စည်းကမ်းစနစ်တကျဖြင့် စေတနာထားဆောင်ရွက်ရန်လိုပြီး ဌာနများ အားလုံး သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လေကောင်းလေသန့်ရရှိရေးနှင့် အလင်းရောင်ကောင်းမွန်စွာရရှိရေးအတွက်လည်း သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်များကို အလင်းဖွင့်ခြင်း၊ အောက်ခြေရှင်းခြင်းများ ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ တစ်ဦးချင်းလုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ သတင်းလုံခြုံမှု မကျိုးပေါက်စေရေးအတွက် လည်း သတိပြုဆောင် ရွက်ကြရန် လိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် စည်းကမ်းများနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီးမိမိကိုယ်ကို သစ္စာရှိရမည်၊ မိမိဌာနနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိရမည်၊ နိုင်ငံတော်အပေါ် သစ္စာရှိရမည်ဖြစ်ကြောင်း၊ အထက်နှင့်အောက်ကောင်းမွန်သည့်ဆက်ဆံရေးရှိရမည်ဖြစ်ပြီး လုပ်ငန်း တာဝန်များကို စေတနာအပြည့်ဖြင့် ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်နှင့် အခွင့်အရေးများကို ပြည့်ပြည့်ဝဝ ရရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အချင်းချင်းမိသားစုကဲ့သို့ ထိတွေ့ဆက်ဆံကာလူမှုရေးအခက်အခဲ၊ မိသားစုအခက်အခဲများကို ညှိနှိုင်းဆောင်ရွက်ပေးရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးကူညီဖေးမ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံ့ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးပေးသည့် ပုဂ္ဂိုလ်များ၊ ဌာနများပင်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကို ဖော်ဆောင်ပေးနိုင်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ အကျိုးနှင့် ပတ်သက်လာပါက မှန်မှန်ကန်ကန်နှင့် ပြောဆိုဆက်ဆံရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုက လက်ခံသည့် အစိုးရဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အချို့သောပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ၎င်းတို့၏အလုပ်ကို ကျေပွန်စွာနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းစွာ ဆောင်ရွက်နိုင်သောကြောင့် ပြည်သူများကပင် ၎င်းတို့၏ ဒေသများ၌ပင် ဆက်လက်တာဝန် ထမ်းဆောင်ပေးရန် တောင်းဆိုရသည့် သာဓကများလည်း ရှိပြီးဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ နေရေးအထောက်အကူ ဖြစ်စေရန်အတွက် လိုအပ်သည့် ဖြည့်ဆည်းပေးမှုများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့ဆောင် ရွက်ပေးသည့် သက်သာချောင်ချိမှုသည် ပြည့်စုံသည်မဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်စေမည်ဖြစ်ပြီး လုပ်ငန်းတာဝန် ထမ်းဆောင်မှုများတွင်လည်း ပိုမိုအကျိုးဖြစ်ပေါ်လာစေ မည်ဟု ယုံကြည်ပါကြောင်း။
ပညာရေးနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးသည် ကျောင်းတက်ရောက်သူ ဦးရေအများဆုံး၊ ကျောင်းနေထိုင်မှုနှင့် အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံသားအားလုံး KG+9 အောင်မြင်စေရေးအတွက် စီမံဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏ သားသမီးများ၏ ပညာရည်မြင်မားရေးကို အားပေးဆောင်ရွက်ကြစေလိုပြီး ကောင်းမွန်သည့် ပညာအမွေကို ပေးနိုင်ရမည်ဖြစ်ကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးတွင် စံပြဖြစ်အောင်ဆောင်ရွက်စေလိုပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များက စံထားအတုယူရသည်အထိဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိအနေဖြင့်လည်း ဧရာဝတီတိုင်းဒေသကြီး၏ ဆောင်ရွက်ချက်များ အားလုံးကိုအသိအမှတ်ပြု အားပေးပါကြောင်းနှင့် ဆက်လက်၍လည်း ကြိုးစားအားထုတ်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။