“စည်းလုံးညီညာ အောင်ကြောင်းဖြာ”၊ “စည်းလုံးခြင်းသည် အင်အား”၊ “ညီညာမှ ပြည်သာ”၊ “ညီညွတ်ခြင်းသည် စွမ်းပကား” စသည့်ဆိုစကားများအရ စည်းလုံးခြင်းသည် အရာရာတွင် အောင်ပန်းဆင်နိုင်သည်ဆိုသည်ကို နားလည်ထားကြသည်။ မြန်မာနိုင်ငံ သူတစ်ပါးနိုင်ငံလက်အောက် ကျွန်သပေါက်ဘဝသို့ ရောက်ရှိနေရာမှ လွတ်လပ်သောနိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိလာနိုင်ရန်အတွက် တစ်တိုင်းပြည်လုံး သွေးစည်းညီညွတ်မှုကို သက်သေထူပြနိုင်ခဲ့သဖြင့် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် ခိုင်မြဲစွာရပ်တည်လျက်ရှိသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားလူမျိုးစု တစ်ရာကျော်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ နှလုံးမွေ့လျော် ဖွယ်ကောင်းသော အေးချမ်းသာယာဝပြောသည့် အဖိုးတန်ရတနာမြေတွင် တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် နှစ်ပရိစ္ဆေဒကြာမြင့်စွာကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်လျက် အေးအတူပူအမျှ အတူတကွလက်တွဲနေထိုင်ခဲ့ကြသည်။ ရှေးဦးမဆွက ကိုယ့်အစုအဖွဲ့နှင့်ကိုယ်၊ ကိုယ့်အသိုက်အဝန်းနှင့်ကိုယ်၊ ကိုယ့်အယူအဆ၊ ကိုယ့်ယုံကြည်မှု၊ ကိုယ့်အတွေးအခေါ်နှင့်ကိုယ် လွတ်လွတ်လပ်လပ် သီးသီးသန့်သန့် နေထိုင်ခဲ့ကြသည်ဆိုသော်လည်း တစ်ဦးနှင့်တစ်ဦး အမုန်းမဖက် ပေါင်းဖက်ဆက်ဆံခဲ့ကြသည်။
စီးပွားကုန်သွယ်လုပ်ကိုင်မှုအရ တစ်ဦးနှင့်တစ်ဦး မတူကွဲပြားကြသော်လည်း ပေါင်းသင်းဆက်ဆံကြရသည်။ အကျိုးတူစီးပွားဖြစ်ထွန်းမည့်ကိစ္စများ ပေါ်ပေါက် လာသောအခါတွင်လည်း ပူးပေါင်းလက်တွဲဖြေရှင်းခဲ့ကြသည်။ သဘာဝဘေးဒဏ်နှင့် ပြည်ပ သူစိမ်းတစ်ရံဆံများ ကျူးကျော်ဝင်ရောက်သည့် ထူးခြားသည့် အန္တရာယ်ကိစ္စများ ပေါ်ပေါက်လာသည့်အခါ၌လည်း နှစ်ပေါင်းများစွာ အတူလက်တွဲ၍ အရေးကြီးလျှင် သွေးနီးသည်ဆိုသကဲ့သို့ ပေါင်းစည်းညီညွတ်စွာဖြင့် ဖြေရှင်းခဲ့ကြသည်။ ကာကွယ်ခဲ့ကြသည်။ စောင့်ရှောက်ခဲ့ကြသည်။ ဤသို့ တစ်ဦးနှင့်တစ်ဦး လက်တွဲပူးပေါင်းနေထိုင်ကြရာမှ တစ်ဦးနှင့်တစ်ဦး နားလည်သဘောပေါက်ကြသည်။ ရင်းနှီးချစ်ကြည်ခဲ့ကြသည်။
ထို့ကြောင့် ဤပြည်ထောင်စုကြီးအတွင်း နှစ်ပေါင်းရှည်ကြာအတူနေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် တရားတော်အရသော်လည်းကောင်း၊ ပကတိအရှိတရားအရ သော်လည်းကောင်း အဆွေခင်ပွန်းများဖြစ်ကြသည်။ မိမိကိုယ်နှင့်ထပ်တူထပ်မျှ သဘောထားပြီး သေအတူရှင်မခွဲ တစ်စိတ်တစ်ဝမ်းတည်း မှတ်ယူကြရမည့်သူများဖြစ်သည်။ တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် တစ်မြေတည်းတွင် အတူနေထိုင်ကြသူများဖြစ်၍ အမြဲစည်းလုံးညီညွတ်နေရမည်။ တစ်ဦးကောင်းကျိုးကို တစ်ဦးက လိုလားနှစ်သက် လက်ခံအကျိုးစီးပွားဖက်ရမည်။ တစ်ဦးအကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်းကို တစ်ဦးက မည်သည့်အခါမျှ မပြုလုပ် မဆောင်ရွက်သင့်ပေ။ ဤအတွေးအမြင်ကို နယ်ချဲ့လက်အောက်သို့ ကျရောက် နေခိုက် မန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာသစ်တွင် ရေးဖွဲ့၍ တိုင်းရင်းသားလူမျိုးအသီးသီးတို့ကို အသိပေးခဲ့သည်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် တိုင်းရင်းသားလူမျိုးများအနေဖြင့် နယ်ချဲ့လက်အောက်မှ လွတ်မြောက်လိုသည့် ပြင်းပြသောအခြေခံဆန္ဒဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ကြံ့ခိုင်မှုကြောင့် အမျိုးမျိုးသွေးခွဲမှု၊ သွေးကွဲမှုများရှိသော်လည်း သွေးမကွဲဘဲ စည်းလုံးညီညွတ်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ စည်းလုံးညီညွတ်မှုကို အထင် အရှားပြသသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပင်လုံစာချုပ်ကြောင့် နယ်ချဲ့တို့သည် တိုင်းရင်းသားလူမျိုးများ၏စည်းလုံးမှုကို အလေးဂရုပြုလာရသည်။ လွတ်လပ်ရေးကို လုံးဝရှောင်လွှဲမရဘဲ ပြန်လည်ပေးအပ်ခဲ့ရသည်။
တိုင်းရင်းသားလူမျိုးများအားလုံးတို့၏ ထက်သန်သောစည်းလုံးညီညွတ်မှုတို့ကြောင့် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သည့်နိုင်ငံတော်ကြီးအဖြစ် တင့်တယ်စွာ ရပ်တည်နေနိုင်သည်။ နိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေစေရန်အတွက် စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်ထားနိုင်မှ ဖြစ်မည်။ ကိုလိုနီခေတ်က မန်လည်ဆရာတော်ဘုရားကြီး မိန့်မှာသကဲ့သို့ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ အကျိုးစီးပွားဖက်၍ အဆွေခင်ပွန်းများကဲ့သို့ ယုံယုံ ကြည်ကြည် မေတ္တာဖက်လျှင် တိုင်းရင်းသားလူမျိုးစုပေါင်းတစ်ရာကျော် စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးသည် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲ နေမည်ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန် ရည်မှန်းထားပြီးဖြစ်ရာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား သံသယစိတ်များကင်းစင်ပြီး တိုင်းပြည်တိုးတက်ရေး၊ ငြိမ်းချမ်းရေးကို ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်