လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဖန်တီးပုံဖော်ကြမည့်သူများဖြစ်ရာ လူငယ်တစ်ဦးချင်းစီတိုင်းသည် အနာဂတ်နိုင်ငံတော်အတွက် အရေးပါကြသည်။ လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်တို့ မြင့်မားသည်နှင့်အမျှ၊ ဆင်ခြင်တုံတရားပြည့်ဝပြီး မှန်ကန်စွာ တွေးခေါ်မြော်မြင်နိုင်သည်နှင့်အမျှ နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို ကောင်းသည်ထက်ကောင်းအောင် တည်ဆောက်နိုင်ကြမည်။ ရှေ့လူတို့၏အမှားအယွင်းတို့ကို သင်ခန်းစာယူပြီး မှန်ကန်သည့်လမ်းကြောင်းကို ရွေးချယ်ကာ လောကကောင်းကျိုးဆောင်ကြဉ်းပေးနိုင်ကြမည် ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့်လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကို ဇန်နဝါရီ ၂၈ ရက်နံနက်ပိုင်းက မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ကျင်းပရာ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်အေးချမ်းရေးကို စိတ်ပါဝင်စားသည့် ကျောင်းသားလူငယ် ၃၀၀၀၀ ခန့် တက်ရောက် ခဲ့ကြသည့်သတင်းသည် နိုင်ငံအတွက် အခြေအနေအချိန်အခါနှင့်ကိုက်ညီစွာ ပေါ်ထွက်လာသော မင်္ဂလာသတင်းတစ်ရပ်ပင်ဖြစ်သည်။ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် နိုင်ငံတော်ကကျင်းပပြုလုပ်လျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့်ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီစုံညီပွဲတော်သို့ တက်ရောက်လာကြသည့် တိုင်းရင်းသား၊ တိုင်းရင်းသူကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုကြိုဆိုကြပြီး ပြည်နယ်နှင့် နိုင်ငံမတိုးတက်ခြင်းသည် ငြိမ်းချမ်းမှုမရှိခြင်းကြောင့်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိပါကခံစားရမည့်အသီးအပွင့်များ၊ အကျိုးကျေးဇူးများကိုပါ ဆွေးနွေးပြောကြားခဲ့ကြသည်ဟု သိရသည်။
လူငယ်များ၏ ခံစားချက်နှင့် မှန်ကန်သည့်အတွေးအမြင်များက နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်ဖြစ်သော ထာဝရငြိမ်းချမ်းရေးရယူနိုင်စေရန် တစ်တပ်တစ်အားပင်ဖြစ်သည်။ နိုင်ငံတွင်အရင်းအမြစ်ကောင်းများ၊ အလားအလာကောင်းများ ပိုင်ဆိုင်ထားပါလျက်နှင့် မငြိမ်းချမ်း၍ မဖွံ့ဖြိုး၊ မဖွံ့ဖြိုး၍နွမ်းပါး၊ နွမ်းပါး၍ အရာရာတွင် နိမ့်ကျ၊ နိမ့်ကျမှုကြောင့် ပစ္စည်းမဲ့ဒေါသများ ထွက်ပေါ်လာကာမငြိမ်းချမ်း စသည့် သံသရာတို့ တစ်ပတ်ပြီးတစ်ပတ်လည်နေခဲ့သည်ကို ဖြတ်တောက်ရုန်းမထွက်နိုင်ပါက စိန်ရတုလွန်၍ ရာပြည့်နှစ်များ ရောက်သွားသည့်တိုင် လွတ်နိုင်မည်မဟုတ်။ ထိုအခါ တောင်ပေါ်မြေပြန့်နေထိုင်သမျှသော လူမျိုး ၁၃၀ ကျော်တို့မှာ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သော်လည်း မစည်းလုံး၊ မညီညွတ်၊ မငြိမ်းချမ်း၊ မဖွံ့ဖြိုး၊ မတိုးတက်သောနိုင်ငံသူ နိုင်ငံသားများအဖြစ်ဖြင့်သာ ဆက်၍သံသရာလည် ကြရဦးမည်ဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံးရှိ စည်းလုံးညီညွတ်သော တိုင်းရင်းသား၊ တိုင်းရင်းသူလူငယ်အားလုံးတို့၏ အင်အားဖြင့်နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်၍ သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြစေလိုသည်။ နိုင်ငံငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် နိုင်ငံအတွင်းနေထိုင်သူအားလုံးနှင့် သက်ဆိုင်ပြီးအားလုံးက ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရမှာလည်းဖြစ်သည်။ ပြည်တွင်းပြည်ပအဖျက်အင်အားစုများက နိုင်ငံအတွင်းစည်းလုံးညီညွတ်မှုပြိုကွဲ၍ နိုင်ငံကို ဖရိုဖရဲပြိုလဲစေရန် နည်းမျိုးစုံဖြင့် အားထုတ်ပြုလုပ်နေသည့် မျက်မှောက်ချိန်ခါတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် မျိုးဆက်သစ်လူငယ်များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် တက်ညီလက်ညီ ကြိုးပမ်းတည်ဆောက်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်