နေပြည်တော် ဇန်နဝါရီ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အဆိုပါဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစ်ကမ်းသာယာလှပရေး၊ မြစ်ကမ်းထိန်းသိမ်း ရေးလုပ်ငန်းနေရာများနှင့် မင်္ဂလာတောင်ညွန့် မြို့နယ် ရန်ကုန်ဘူတာကြီးရှိ ပြုပြင်ပြီးစီးသော RBE ရထားတွဲများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးချုပ်သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
စားသောက်ဖွယ်ရာများ ပေးအပ်
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနသည် နိုင်ငံအတွင်း မြစ်ချောင်းများ ပေါကြွယ်ဝသဖြင့် ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းများ၊ ကမ်းပြိုကမ်းထိန်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသည့် ဌာနတစ်ခုဖြစ်သည့်အပြင် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်အောင် အားပေးလျက်ရှိရာ အဓိကလိုအပ်သည့် ရေအရင်းအမြစ်များကို တာဝန်ယူ ရှာဖွေထိန်းသိမ်းပေးနေရသောကြောင့် နိုင်ငံအတွက် အရေးပါသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် ကမ်းပြိုကမ်းထိန်းလုပ်ငန်းများကို သတ်မှတ်ဒီဇိုင်း၊ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ အသုံးပြုသည့် စက်ပစ္စည်းနှင့် ယန္တရားများကို စွမ်းအားပြည့်အသုံးပြုနိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ရေး၊ ဝန်ထမ်းများ၊ ရုံးအဆောက်အဦများ၊ စာရွက်စာတမ်းနှင့် သတင်းလုံခြုံမှုတို့ကို အလေးထားလိုက်နာကြစေရေးတို့ကို မှာကြားပြီး ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ လက်ဆောင်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဦးစီးဌာန၏ မှီငြမ်းစာကြည့်တိုက် (Refrence Library)အတွက် ပြင်ဆင်ထားရှိမှု၊ တည်ဆောက်ဆဲ ရေယာဉ်များ၊ ရေစိုလွန်းကျင်း၊ ယန္တရားများ၊ ရုံးအဆောက်အဦများကို လည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (၂၉) ရပ်ကွက်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသော ပေ ၁၉၁၀ အရှည်ရှိသည့် ကမ်းထိန်းလုပ်ငန်းနေရာရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မြစ်ကမ်းပါးတစ်လျှောက် အမြဲစိမ်းလန်းစိုပြည်၍ သာယာလှပရေး၊ သန့်ရှင်းသပ်ရပ်ရေးကိစ္စများကို သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားသည်။
အများပြည်သူ အပန်းဖြေနိုင်ရေး
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ် ကမာကြည်အိမ်ရာ အနီးတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်ပြီးဖြစ်သည့် အလျားပေ ၄၁၀ ၊ အကျယ် ၂၆ ပေအကျယ်အဝန်း ရှိသော ဆိပ်ကမ်းသာယာလှပရေး၊ ကမ်းထိန်း ကာကွယ်ရေးလုပ်ငန်းခွင်နေရာသို့ ရောက်ရှိစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အများပြည်သူ စိတ်ချမ်းမြေ့စွာဖြင့် လာရောက်အပန်းဖြေနိုင်ရေး အတွက် ယင်းနေရာတစ်ဝိုက် အမြဲသန့်ရှင်းသာယာ လှပရေးတို့ကို သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်ဘူတာကြီးသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် ပြုပြင်မွမ်းမံ ဆောင်ရွက်လျက်ရှိသော RBE (Rail Bus Engine) ရထားတွဲဆိုင်းများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်