နေပြည်တော် ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ၏ ဇနီး Madame Budsakorn Srisawasdi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးတို့နှင့်အတူလိုက်ပါ၍ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး အထင်ကရနေရာများသို့ သွားရောက်လေ့လာသည်။
ဦးစွာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် တပ်မတော်အရာရှိကြီးများ၏ ဇနီးများနှင့်အတူ ရွှေအန်တော်စေတီသို့ရောက်ရှိကြရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စေတီတော်မြတ်အား ဆီမီး၊ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညိုကာ စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။ ဆက်လက်၍ ရွှေနံတော်စေတီသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများနှင့်အတူ Amazing Ngapali Resort သို့သွားရောက်ကာ ရခိုင်ရိုးရာရက်ကန်းနှင့် ရိုးရာလက်မှုပစ္စည်းများအား လေ့လာကြည့်ရှုကြပြီး Amazing Ngapali Resort မှ ဖျော်ဖြေသည့် ရခိုင်ရိုးရာသီချင်း အကအလှများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ရိုးရာအကအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။