Skip to main content

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၇

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း B ရုံတွင် ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနည်းအလိုက် အုပ်ချုပ်သူနည်းပြများနှင့် အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ဘောလုံး(အမျိုးသား/အမျိုးသမီး)၊ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး)၊ ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး)နှင့် ပိုက်ကျော်ခြင်း (အမျိုးသား) အားကစားနည်းများကို ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း၊ အားကစားဆိုသည်မှာ “အနိုင်အရှုံးတစ်ခုတည်းကို ယှဉ်ပြိုင်တာမျိုးမဟုတ်ဘဲ ဇွဲရှိမှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းဥပဒေကို ရိုသေလေးစားလိုက်နာမှု၊ ယဉ်ကျေးမှု” စသည်တို့ကိုပါ ယှဉ်ပြိုင်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံတော်၏စည်းလုံးညီညွတ်မှု၊ ဂုဏ်သိက္ခာနှင့် မျိုးချစ်စိတ်တို့ကို ဖော်ဆောင်နိုင်ခြင်းဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားမောင်မယ်များအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကိုဖော်ဆောင်နိုင်သော နိုင်ငံ့လက်ရွေးစင်အားကစားသမားများဖြစ်လာအောင် ကြိုးစားကြရန်ကိုလည်း မှာကြားလိုပါကြောင်း။

ယခင်က အာဆီယံကျောင်းသားအားကစားပွဲတော်ကို မြန်မာနိုင်ငံအနေဖြင့် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနကတာဝန်ယူ၍ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပွဲတော်ကိုတော့ ပညာရေးဝန်ကြီးဌာနက ပထမဆုံးအနေဖြင့်တာဝန်ယူပြီး ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ယခုလို အခြေခံပညာကျောင်းသားအားကစားပွဲများကို မလွဲမသွေကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် အခြေခံပညာကျောင်းသားအားကစားပွဲတော်မှ အရည်အချင်းရှိသည့် အားကစားသမားများကို နိုင်ငံ့ကိုယ်စားပြုအဖြစ် အာဆီယံကျောင်းသားအားကစားပွဲတွင်ယှဉ်ပြိုင်ရန် ရွေးချယ်မည်ဖြစ်ကြောင်းကိုလည်း ပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က အခြေခံပညာကျောင်းသားအားကစားပွဲတော်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပွဲတော်အားဖွင့်လှစ်ပေးသည်။

ယင်းနောက် ကျောင်းသားအားကစားပွဲတော်အထိမ်းအမှတ်အလံကို အားကစားမောင်မယ်များက စုပေါင်းသယ်ယူ၍ လွှင့်တင်ကြသည်။

ထို့နောက် ကျောင်းသားအားကစားအဖွဲ့များက အားကစားသစ္စာအဓိဌာန်ကို ရွတ်ဆိုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အခြေခံပညာကျောင်းသားအားကစားအဖွဲ့များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍ ကျောင်းသား ကျောင်းသူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးအစီအစဉ် အတွဲ(၃/၄)နှင့် Physical Fitness Dance အစီအစဉ်များကို သရုပ်ပြတင်ဆက်ကြသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်အား ဇန်နဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၇ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများတွင် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အဖွဲ့ခေါင်းဆောင်၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ စုစုပေါင်းအင်အား ၁၆၈၀ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)