Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လားရှိုးမြို့အတွင်း လူဦးရေးစာရင်းမှန်ကန်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူနေမှုကို ကြည့်ရှုအားပေး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

နေပြည်တော် ဇန်နဝါရီ ၁၇

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လားရှိုးမြို့အတွင်း လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၁၀)ရပ်ကွက် လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်းရှိ သင်တန်းသား (၆၀)ကို မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ဝင်များက e-ID Software ဖြင့် ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များအား လက်ရှိမြေပြင် လူဦးရေစာရင်းအချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ နိုင်ငံသားကတ်ရရှိမှုနှင့် ပြောင်းရွှေ့လာသည့် မူလဒေသအခြေအနေတို့ကို တစ်ဦးချင်း မေးမြန်းတိုက်ဆိုင်ဖြည့်သွင်းဆောင်သွင်းနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် Working Group အဖွဲ့ဝင်များကို လုပ်ငန်းဆိုင်ရာအခက်အခဲများမေးမြန်းပြီး မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သင်တန်းသားများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ အမှတ်(၁၀)ရပ်ကွက်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) အဖွဲ့ဝင်များက ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း လူဦးရေစာရင်းအချက်အလက်များ တိုက်ဆိုင်စစ်ဆေးရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအား‌ပေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို မေးမြန်းဆွေးနွေးဖြည့်ဆည်းဆောင်ရွက်ပေးကာ အိမ်ရှင်မိသားစုဝင်များအား လူဦးရေစာရင်းမှန်ကန်ရေးအတွက် စာရင်းကောက်ယူမှုအခြေအနေကို ရှင်းလင်းပြောကြား၍ နှုတ်ဆက်အားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လားရှိုးမြို့ အမှတ်(၁)ရပ်ကွက်ရှိ လားရှိုးတက္ကသိုလ် ဝန်ထမ်းအိမ်ရာဝန်းအတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ဝင်များက ဝန်ထမ်းအိမ်ရာရှိ မိသားစုဝင်များအား မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူတိုက်ဆိုင်မေးမြန်းဖြည့်သွင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လားရှိုး၊ ‌ကျောက်မဲ၊ တန့်ယန်း၊ ကွတ်ခိုင်တို့မှ ခရိုင်နှင့်မြို့နယ် ဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများကို လားရှိုးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး၌တွေ့ဆုံပြီး နိုင်ငံတော်တွင် နောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားကတ်ထုတ်ပေးခြင်းလုပ်ငန်းကို နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကွင်းဆင်းဆောင်ရွက်ပေးရန်ကျန်ရှိသည့် “ဝ”အထူးဒေသအတွင်း ယခုအခါ မိမိဌာနဝန်ထမ်းထုတ်နုတ်အင်အားဖြင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းဒေသအတွင်း လျာထားသတ်မှတ်ချက်အတိုင်း ပြည့်မှီပြီးစီးနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ မဲစာရင်းအမှားများဖြစ်ပွားခဲ့သည့်အတွက် နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် မဲစာရင်းများတိကျမှန်ကန်စေရန် ယခုအခါ လူဦးရေစာရင်းအချက်အလက်များကို မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဒေသအာဏာပိုင်များ၊ အခြားဆက်စပ်ဌာနဝန်ထမ်းများဖြင့်ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်ထိ (၂၃) ရက်ကြာ ကောက်ယူဆောင်ရွက်ရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးနိုင်ရေးနှင့် ကောက်ယူရရှိသည့်အချက်အလက်စာရင်းပုံစံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ မသမာသူများ၏ ဖျက်ဆီးမှုမခံရစေရေး ကြိုတင်‌မျှော်တွေး၍ စနစ်တကျထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရရှိပြီးသော လူဦးရေစာရင်း အချက်အလက်များအား e-ID Software သို့ တိုက်ဆိုင်ဖြည့်သွင်းဆောင်ရွက်မှုကိုလည်း အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးက ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဆောင်ရွက်ပြီးစီးမှုနှင့် “ဝ”အထူးဒေသအတွင်း ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ မြို့နယ်များအလိုက် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ် ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများက ခရိုင်နှင့် မြို့နယ်အလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးက “ဝ”အထူးဒေသအတွင်း ထပ်မံကွင်းဆင်းဆောင်ရွက်မည့် အစီအမံများကိုဖြည့်စွက်တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)