Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းတို့သို့သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်၌လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါ၍ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်းတို့သို့သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော် သဒ္ဒဓ္မဇောတိကဓက ဘဒ္ဒန္တသုမန အမှူးပြုသည့် သံဃာတော်များအား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် သာသနာတော်ထွန်းကား ပြန့်ပွားရေးဆိုင်ရာများ၊ ကလေးငယ်များ ပညာသင်ကြားရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များကို မေးမြန်းလျှောက်ထားပြီး နဝကမ္မအလှူတော်ငွေများ၊ ဆွမ်းဆန်တော်၊ ဆီနှင့်စားသောက်ဖွယ်ရာပစ္စည်းများနှင့် လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ တို့ကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု၍ ကျောင်းရေရှည်တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသာယာမှုရှိစေရေးတို့အတွက် အမြဲမပြတ်ဆောင်ရွက်ပေးနိုင်ရေး နယ်မြေခံတာဝန်ရှိသူများကိုမှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်းသို့ရောက်ရှိကြပြီး သာသနာနွယ်ဝင် သီလရှင်ဆရာကြီး ဒေါ်ပညာသိင်္ဂီနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများကို ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် သာသနာရေးဆိုင်ရာများ၊ ပညာသင်ကြား ရေးဆိုင်ရာများနှင့် သီလရှင်ကျောင်းအတွက် လိုအပ်ချက်များကို မေးမြန်းလျှောက်ထားကာ နဝကမ္မအလှူတော်ငွေများ၊ ဆွမ်းဆန်တော်၊ ဆီနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ သီလရှင်ဝတ်စုံများကို ဆက်ကပ်လှူဒါန်းသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းဝန်းအတွင်းနှင့် ဆွမ်းစားဆောင်တို့အား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းနှင့် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့်ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။