Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လောက်ကိုင်မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့် (၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲက လောက်ကိုင်မြို့၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး ခန်းမဆောင်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊ “ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့်် နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် ခေတ်အဆက်ဆက် စီမံချက်များရေးဆွဲဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုးပွင့်၊ သစ္စာ စသည့် စီမံချက်များဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသကဲ့သို့ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ် ကိုင်ဆောင်မဲပေးနိုင်ရေးရည်ရွယ်၍ နိုင်ငံတဝန်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ် မရရှိသေးသူများနှင့် ယခုနှစ်အတွင်း အသက်(၁၆)နှစ်ပြည့်မှီလာသူများအတွက် ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်သကဲ့သို့ အထွေထွေရွေးကောက်ပွဲတွင်လည်း မဲပေးနိုင်ခွင့် အပြည့်အဝရရှိနိုင်မည်ဖြစ်ပါကြောင်း၊ လူမှုဘဝဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ်လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားကို အလွယ်တကူရရှိမှုအပေါ် တန်ဖိုးမထား မဖြစ်ကြရန်နှင့် စနစ်တကျကိုင်တွယ်ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေးရရှိသကဲ့သို့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန်လည်း လိုအပ်ပါကြောင်းနှင့် နိုင်ငံသားတစ်ဦး၏တာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်မှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပန်းခင်းစီမံချက်အဆင့် (၂)ဖြင့် လောက်ကိုင်မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ပြီး ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း အစောင်(၂၀၀)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၀၀) တို့ကို ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒေသကွပ်ကဲရေးမှူး၊ “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းဥက္ကဌ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဒေသခံ ကိုယ်စားလှယ်များထံ ပေးအပ်ကြသည်။

ယင်းနောက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုအတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက်‌ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လောက်ကိုင်မြို့၊ အေးငြိမ်းချမ်းသာ ပြည်သူ့ဥယျာဉ် ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် မဲခေါင်-လန်ချန်း ဒေသ အထူး ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ ဖွင့်ပေးအခမ်းအနားသို့ တက်ရောက်အားပေးသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒေသကွပ်ကဲရေးမှူး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဌတို့က သိုလှောင်ရုံနှင့် အသိပညာပေး စင်တာတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမော်ကွန်းကြေးပြားကို အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးကြသည်။

မဲခေါင်-လန်ချန်းဒေသ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်မှ ထောက်ပံ့ငွေကျပ် (၄၆၅ ဒဿမ ၇၀၈) သန်းဖြင့် ရှမ်းပြည်နယ်အတွင်း ပင်းတယ၊ မိုင်းပျဉ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်တို့တွင် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်အရ သိုလှောင်ရုံနှင့် အသိပညာပေး စင်တာ(၄)ခုတို့ကို တည်ဆောက်ပေးခဲ့ရာ ယခုအခါ အဆိုပါကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် မဲခေါင်-လန်ချန်းဒေသ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် တည်ဆောက်ပြီးဖြစ်သည့် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာကို ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)၊ ရဟတ်ယာဉ်ကွင်းအနီး၌ လောက်ကိုင်ဒေသအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများကိုတွေ့ဆုံကာ နယ်စပ်ဒေသ၌ တာဝန်ထမ်းဆောင်နေကြသူများပီပီ နိုင်ငံနှင့်လူမျိုးအပေါ် တာဝန်သိသိသစ္စာရှိရှိ ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသခံတိုင်းရင်းသားများနှင့် ရင်းနှီးချစ်ကြည်စွာ ဆက်ဆံ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်ကျင့်ကြံ၍ ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်