Skip to main content

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

(၄-၈-၂၀၂၀ ရက်၊ နေပြည်တော်)

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပ နိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား (၃၆) ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၂၈) ဦး၊ ပြင်သစ်မှ (၅) ဦး၊ အီဂျစ်မှ (၅) ဦး၊ အင်ဒိုနီးရှား မှ (၃) ဦး၊ ဂျပန်မှ (၃) ဦး၊ နော်ဝေမှ (၃) ဦး၊ ဘလ်ဂျီယံမှ (၂) ဦး၊ အီတလီ မှ (၁) ဦး၊ သင်္ဘောသား (၁၇) ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၁၀၆) ဦး တို့အား အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်အမှတ် 8M 802 ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေ (၂၀:၀၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။

၃။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဆုံရပ်နိုင်ငံဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ချိတ်ဆက်လျက် ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ကယ်ဆယ်ရေး လေယာဉ် (၁၆) ကြိမ်တိုင်တိုင် ပျံသန်းပြေးဆွဲလျက် မြန်မာနိုင်ငံသို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

 

# Ministry of Foreign Affairs Myanmar