နေပြည်တော် ဇန်နဝါရီ ၁၁
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားများကို အောင်မြင်စွာ ကျင်းပကာ အခမ်းအနားတက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ဂုဏ်ထူးဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့် အပ်နှင်းခဲ့ပြီးဖြစ်သည်။
အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များအား အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်း မရှိသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျန်းမာရေးအခြေအနေအရ အဝေးရောက် လက်ခံယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်စားနေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင် ဇော်ဟိန်းတို့က နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်တို့နှင့်အတူ ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံယူမည့် ကာယကံရှင်နှင့် မိသားစုဝင်များ ရှိရာ နေရာများသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ပြီး လက်ရောက်ပေးအပ်သည်။
ထိုသို့ပေးအပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီဦးတင်ဦးလွင်နှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇေယျကျော်ထင် ဇော်ဟိန်းတို့က သီရိပျံချီဘွဲ့ရရှိသူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအုန်းမောင်ထံသို့ လည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ အမှတ်(၂)စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း) ဦးမျိုးအောင်ထံသို့လည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး(ငြိမ်း) ဦးစောလှမင်းထံသို့လည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေး ဝန်ကြီးဌာန သံအမတ်ကြီး ဒေါ်မော်မော်(ကိုယ်စား) မောင်ဖြစ်သူ ဦးမင်းထွဋ်ထံသို့ လည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး(ငြိမ်း) ဦးစိုးဝင်း (ကိုယ်စား) ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းကြည်ထံသို့လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့ များကို လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)