Skip to main content

ဩစတြေးလျနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် ဩဂုတ် ၃

ဩစတြေးလျနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မြန်မာ နိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာ သင်္ဘောသားများ စုစုပေါင်း ၁၄၁ ဦးအား မြန်မာသံရုံး၊ ကင်ဘာရာမြို့ နှင့် ပူးပေါင်းညှိနှိုင်းလျက် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။

အဆိုပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ၂၁ ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင်

အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီး ဌာနတို့နှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်မှ ယနေ့အထိ ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသား ၉၃၃၆ ဦးအား ကယ်ဆယ်ရေး/အထူးလေယာဉ်များဖြင့် မြန်မာ နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်