Skip to main content

ဆန္ဒကြီးခြင်းဖြင့် ကြံသမျှပြီးရမည်

လွတ်လပ်ရေးသက်တမ်း  ၇၅  နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော   နိုင်ငံမှ   နိုင်ငံသူ     နိုင်ငံသားများ အားလုံးတို့မှာ လွတ်လပ်ရေး၏  အရသာကို  အပြည့်အဝခံစားနိုင်ခွင့် ရှိသင့်ကြပြီဖြစ်သည်။ နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို ဥပဒေဖြင့်ပြဋ္ဌာန်း၍ ပေးအပ်နိုင်စေကာမူ နေ့စဉ် လူမှုဘဝအတွက်    လိုအပ်ချက်များ    ပြည့်စုံဖူလုံစေရေး၊ တစ်နည်းအားဖြင့် တောင့်တမှုမှ ကင်းဝေးနိုင်ရေးအတွက် ဆိုလျှင်မူ လက်တွေ့ကျကျဆောင်ရွက်မှသာ ရရှိနိုင်မည် ဖြစ်သည်။

လူမှုစီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ  လူတိုင်း၊ နိုင်ငံတိုင်းရဲ့  လိုလားချက်၊  မျှော်လင့်ချက်   ဖြစ်ပါတယ်။ ဒီလိုလားချက်၊  မျှော်လင့်ချက်ကို  ကျွန်တော်တို့  အရှိန်အဟုန်မြှင့်တင်   ဖြည့်ဆည်းကြပါမယ်။  ကျွန်တော်တို့တစ်တွေ လုံ့လဝီရိယ ခွန်အားစိုက်ထုတ်ဆောင်ရွက်ဖို့သာ   လိုပါတယ်။  ဆန္ဒကြီးခြင်းဖြင့်၊   ကျွန်တော်တို့  ကြံသမျှ   ပြီးရပါမယ်”   ဟူ၍ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  (၇၅နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့  ဂုဏ်ပြုအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ရာ နိုင်ငံသားတိုင်း၏ မျှော်လင့်ချက်ဖြစ်သော လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် နိုင်ငံတော်၏ ဖြည့်ဆည်း ပေးမှုများနှင့်အတူ နိုင်ငံသားတိုင်းကလည်း လုံ့လဝီရိယ ခွန်အားစိုက်ထုတ် လုပ်ကိုင်ကြရမည် ဖြစ်သည်။

ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများတွင် ပြည်သူများအား လူမှုရေးနှင့် နိုင်ငံရေးအရ စနစ်တကျစုစည်း၍ ပြည်သူလူထု၏ အသိစိတ်ဓာတ်ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်မှုကို ရယူဆောင်ရွက်ခြင်းဖြင့်သာ အောင်မြင်နိုင်သည်ကို တွေ့ရှိကြရသည်။ ပြည်သူ များက ပူးပေါင်းပါဝင်သည်ဟုဆိုရာတွင် အကောင်အထည်ဖော် ဆောင်ရွက်သူများအဖြစ် လည်းကောင်း၊ မူဝါဒဆိုင်ရာ အဆုံးအဖြတ်ပေးမှုများတွင် ကိုယ်စားလှယ်များအဖြစ် လည်းကောင်း၊  တစ်ဦးချင်း  စွန့်ထွင်ဦးစီးသူများအနေဖြင့် လည်းကောင်း  တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့ပါဝင်  ဆောင်ရွက်နိုင်ရန်လည်း  အခြေအနေများကို ဖန်တီးပေးရန်လိုအပ်ကြောင်း   ပညာရှင်များက  မိန့်ဆိုကြသည်။  နမူနာအားဖြင့် ၁၉၆၀ ပြည့်လွန်နှစ်များမတိုင်မီက    ဖွံ့ဖြိုးမှုအဆင့်အတန်း လွန်စွာနိမ့်ကျခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပြည်သူလူထု တစ်ခဲနက်ပါဝင်လာရေးအတွက်  ဖော်ဆောင်ခဲ့သည့်  လူထုဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် လေ့လာတွေ့ရှိနိုင်သည်။

လူတိုင်း၊ နိုင်ငံတိုင်း၏ လိုလားချက်၊ မျှော်လင့်ချက်ဖြစ်သည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ၏ ဦးဆောင်မှု၊ ဖြည့်ဆည်းပေးမှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီ၏  စိတ်ဓာတ်၊  အသိအမြင်၊  ကာယဉာဏစွမ်းအားတို့ ပူးပေါင်းပါဝင်သည့် အင်အားဖြင့်သာ ဆောင် ရွက်သွားကြရမည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း မိမိတို့နိုင်ငံအနေဖြင့်  သာမန်ထက် သာလွန်သည့် လုံ့လ၊ ဝီရိယ၊ ခွန်အားစိုက်ထုတ်မှုတို့ လိုအပ်သည်။ အထူးအားဖြင့်ဆန္ဒ ဝတော  ကိံ  နာမကမ္မံနသိဇ္ဈတိဟူသော ဘုရားဟော ပါဠိတော်နှင့်အညီ အောင်မြင်ပြီးမြောက်လိုသော ဆန္ဒကို အဓိပတိတင်လျက် တွေးခေါ်ကြံဆဆောင်ရွက်ကြကာ ဆန္ဒကြီးခြင်းဖြင့် ကြံသမျှပြီး နိုင်ကြပါစေကြောင်း။        

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်