Skip to main content

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၉

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။

အစီအစဉ်အရ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များသည် ပညာရေးအဖွဲ့အစည်းအဝေးကျင်းပပြီး ဘွဲ့နှင်းသဘင်ခန်းမသို့ဝင်ရောက်ကာ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံ တော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ သက်ဆိုင်ရာဌာနများက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

ဆက်လက်၍ ပါမောက္ခချုပ်က သူနာပြုသိပ္ပံဘွဲ့ ၅၃ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ ၅ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဓာတ်ခွဲနည်းပညာ) ၅ ဦး၊ ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ ၅ ဦး၊ ခန္ဓာသန်စွမ်းမှုနည်းပညာ ၅ ဦး၊ ခြေတုလက်တုနှင့်အားပြုကိရိယာနည်းပညာသိပ္ပံဘွဲ့ ၂ ဦး၊ စုစုပေါင်း ၇၅ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင်အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကိုဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကိုရုပ်သိမ်းကြောင်းကြေညာကာ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် ၂၀၀၃ ခုနှစ်မှစတင်၍ ဘွဲ့နှင်းသဘင်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ယနေ့အထိ သူနာပြုပါရဂူဘွဲ့ ၂၈ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၇၈ ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၄၂၉ ဦး၊ ဆေးဝါး မဟာသိပ္ပံဘွဲ့နှင့် ဆေးဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့ ၂၀၄ ဦး၊ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) ၁၁၃ ဦး၊ ဆေးဘက်ဆိုင်ရာအသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်း နည်းပညာဒီပလို မာဘွဲ့ ၁၆ ဦး၊ အထူးကြပ်မတ်သူနာပြုစုမှုဒီပလိုမာဘွဲ့ ၂၂ ဦး၊ ခွဲစိပ်ခန်းသူနာပြုစုမှု ဒီပလိုမာဘွဲ့ ၆၅ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၃၂၆၉ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ ၂၁၈ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာသိပ္ပံဘွဲ့ ၆၄၉ ဦး စုစုပေါင်း ၅၂၉၁ ဦးတို့အား ဘွဲ့များအပ်နှင်းပေးအပ်ခဲ့ပြီးဖြစ်သည်။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ရှိ စာပေသင်ကြားရေးဆိုင်ရာနည်းပြအရာရှိများ နိုင်ငံတကာအဆင့်မီ အတတ်ပညာများရရှိရေးအတွက် ပြည်ပသင်တန်းများတက် ရောက်စေလွှတ်ခဲ့ရာ ၁၉၉၈ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူအရာရှိတစ်ဦး၊ ၁၉၉၉ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူအရာရှိနှစ်ဦး၊ ၂၀၀၁ ခုနှစ်တွင် သူနာပြု ပါရဂူဘွဲ့အတွက် သင်တန်းသူအရာရှိနှစ်ဦးနှင့် သူနာပြုမဟာသိပ္ပံဘွဲ့အတွက် သင်တန်းသူ အရာရှိရှစ်ဦးတို့အား ဩစတြေးလျနိုင်ငံ La Trobe တက္ကသိုလ်သို့ စေလွှတ်ပညာသင်ကြား စေခဲ့ပြီး အဆိုပါသင်တန်းသူအရာရှိ ၁၃ ဦးအား La Trobe တက္ကသိုလ်မှဘွဲ့အပ်နှင်းသည့် အခမ်းအနားကို ၂၀၀၄ ခုနှစ်တွင် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသားအရာရှိ တစ်ဦးကို ထိုင်းနိုင်ငံ Burapha University သို့ စေလွှတ်ပညာသင်ကြားစေခဲ့ပါသည်။

အလားတူ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သင်တန်းဆင်းအထက်တန်းသူနာပြုများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လက်တွေ့သူနာပြုစုမှုသင်တန်းသို့လည်းကောင်း၊ စင်ကာပူနိုင်ငံ National University Hospital တွင် နှလုံးရောဂါအထူးကြပ်မတ် ကုသမှုသင်တန်းသို့လည်းကောင်း၊ ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol University တို့တွင် သူနာပြုမဟာသိပ္ပံဘွဲ့နှင့် ဆေးဝါးမဟာသိပ္ပံဘွဲ့သင်တန်းများသို့လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ University of Airlangga Mulyorejo Surabaya တက္ကသိုလ်တွင် သူနာပြု မဟာသိပ္ပံဘွဲ့သင်တန်းသို့လည်းကောင်း ပညာတော်သင်စေလွှတ်ကာ တက်ရောက်အောင်မြင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။