နေပြည်တော် ဒီဇင်ဘာ ၂၉
တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၇)တို့မှ သင်တန်းဆင်းသင်တန်းသား၊ သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန် ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီးတို့သည် စင်မြင့်ထက်၌နေရာယူကြပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးက ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူတစ်ဦးချင်းစီ အား ဆေးဝန်ထမ်းတာဝန်ခန့်အပ်လွှာပေးအပ်သည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးက အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။