နေပြည်တော် ဒီဇင်ဘာ ၂၉
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန် တိုးချဲ့(၅)ထပ်ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည်မြင့်တိုင်မြို့နယ်ရှိ အဆိုပါဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်ကြီး(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်ကြီး(ကြည်း)နှင့် အတူပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အငြိမ်းစား ဆေးပညာရှင်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်တို့က တိုးချဲ့(၅)ထပ်ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုးချဲ့(၅)ထပ်ဆောင်သစ်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များက ကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်နေချိန်တွင် နိုင်ငံတော်နှင့်ပြည်သူလူထု၏ လူမှုစီးပွားဘဝတည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်လျက်ရှိကြောင်း၊ “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဆိုသည့်” နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း တိုင်းရင်းသားပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို အဓိကတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း၊ စတုတ္ထလှိုင်း ရောဂါကူးစက်မှု အဆိုးရွားဆုံး ကာလအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ရှိသမျှလူ့စွမ်းအား၊ ပစ္စည်းစွမ်းအား၊ ဉာဏစွမ်းအားများနှင့် ဆောင်ရွက်ခဲ့သည်ကိုလည်း အားလုံးတွေ့ရှိနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံ့အတွက်စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးဆောင်ရွက်ချိန်တွင် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရေးမှာ အဓိကအခြေခံကျလျက်ရှိကြောင်း၊ ထိုသို့ မွေးထုတ်ပေးနိုင်ရန်အတွက် ကျန်းမာရေးကောင်းမွန်ကြရန်လိုပြီး ကျန်းမာမှကြံ့ခိုင်မှာဖြစ်ပြီး ကျန်းမာကြံ့ခိုင်မှ ဘဝအတွက် လိုအပ်သည့် အသိပညာ၊ အတတ်ပညာများကို ကောင်းမွန်စွာသင်ယူဆည်းပူးနိုင်မှာဖြစ်ပြီး နိုင်ငံတော်နှင့် မိမိတို့၏ကိုယ်ကျိုးစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်သည့်အတွက် ပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျဆက်လက်စီမံဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း။
၂၀၂၀ ပြည့်နှစ်မှစတင်ကာ ကမ္ဘာတစ်ဝှမ်း ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားမှုများကြောင့် နိုင်ငံအားလုံးသည် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပြီး စီးပွားရေး၊ ပညာရေးသာမက ဆေးကုသရေးလုပ်ငန်းများတွင်လည်း ကပ်ရောဂါဖြစ်ပွားမှုကြောင့် နှောင့်နှေးခဲ့ရကြောင်း၊ ကျန်းမာရေးကဏ္ဍတွင်လည်း အရှန်အဟုန်နှင့်ဆောင်ရွက်နေရသည့်လုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်ခဲ့သည့်လုပ်ငန်းများကို ဖြစ်နိုင်သမျှနည်းလမ်းများနှင့် ပြန်လည်ကုစားရာတွင် ကျန်းမာရေးကဏ္ဍရှိ နှောင့်နှေးခဲ့ရသည့် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကုသရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ ဆေးပညာသင်ကြားရေးလုပ်ငန်းများကို အင်အားပြည့်ဆောင်ရွက်နိုင်ကြရန်အတွက် အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ပြည်သူလူထုအပေါ် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်များ ထပ်မံတိုးချဲ့ဖွဲ့စည်းပေးခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင်လည်း ခရိုင်အဆင့် ကုသရေးဦးစီးဌာန ရုံး(၄၈)ရုံးအထိ တိုးမြှင့်ခွင့်ပြုထားရှိပြီးဖြစ်သည့်အတွက် စနစ်တကျကြပ်မတ်မှုများဆောင်ရွက်ပါက ပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်မှုပိုမိုပေးနိုင်မည့်နယ်မြေသည်လည်း ပိုမိုကျယ်ပြန့်လာမှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင် ပြည်သူ့ဆေးရုံပေါင်း (၁၁၇၈)ရုံ ဖွင့်လှစ်ခွင့်ပြုထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဆေးရုံစုစုပေါင်း (၈၃)ရုံ ခွင့်ပြုထားရာ လူဦးရေထူထပ်မှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုတို့ကြောင့် လူနာများ လွှဲပြောင်းလက်ခံဆောင်ရွက်နိုင်သည့် ဗဟိုအဆင့်အထူးကုဆေးရုံ (၁၀)ရုံဖွင့်လှစ်ပြီး ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်စဉ်ကာလအတွင်း ဆေးရုံအဆောက်အဦသစ်များ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့မှုအနေဖြင့် ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာပင် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည့် ခုတင်(၁၀၀)ဆန့်ဆေးရုံသစ်ကြီးသည် ကိုဗစ်-၁၉ ရောဂါအပါအဝင် ကူးစက်ရောဂါများကိုကုသပေးနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ ကုသခန်းများပါဝင်ပြီး မကြာသေးမီကဖွင့်လှစ်ခဲ့သည့် ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ (၉)ထပ် ကုသဆောင်သည်လည်း ခေတ်မီအဆောက်အဦဖြစ်ရုံသာမက လူနာများ စိတ်အေးချမ်းစွာ ကုသမှုခံယူနိုင်အောင် ရှုထောင့်ပေါင်းစုံမှစဉ်းစားကာ အဆင့်မီတည်ဆောက်ထားရှိကြောင်း။
ဆေးရုံသမိုင်းကြောင်းအရ အရိုးရောဂါအထူးကုဆေးရုံကြီး - ရန်ကုန်ကို ၁၈၉၅ ခုနှစ်မှာ မသန်စွမ်းနှင့် အနာကြီးရောဂါကုဂေဟာအဖြစ် စတင်ထူထောင်ဖွင့်လှစ်ခဲ့ကာ ၁၉၇၆ ခုနှစ်တွင် အရိုးရောဂါကုဆေးရုံအဖြစ်သတ်မှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ခုတင်(၃၀၀)ဆံ့ ဆေးရုံအဖြစ် ခါးရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသခြင်း၊ လက်ပိုင်းဆိုင်ရာအနုစိပ်ခွဲစိတ်ကုသခြင်း၊ ဒူးဆစ်ရိုး၊ ပေါင်ထိပ်ရိုး၊ အစားထိုးကုသခြင်းနှင့် အထွေထွေအရိုးရောဂါကုသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် ကျန်းမာရေးဝန်ထမ်းများ အင်အားပြည့်ထမ်းဆောင်နိုင်ရေးအတွက်လည်း လက်ထောက်ဆရာဝန်သစ်များခန့်ထားခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ သူနာပြုသစ်များခန့်အပ်ခြင်း၊ ဆေးဘက်ကျွမ်းကျင်သင်တန်းများ၊ အကူသူနာ ပြုသင်တန်းများဖွင့်လှစ်ခြင်း၊ ဘာသာရပ်ဆိုင်ရာအထူးကုဆရာဝန်များတိုးတက်လာအောင် ဘွဲ့လွန်သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ခြင်းတို့ကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လုပ်ငန်းခွင်သာယာရေးအတွက် ယခုကဲ့သို့ ဆေးရုံအဆောက် အဦအသစ်များဆောက်လုပ်ပေးခြင်း၊ ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးခြင်း၊ ဝန်ထမ်းများအတွက် ရရှိသင့်သည့်ချီးမြှင့်ငွေများထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ယခုအဆောက်အဦကို အချိန်မီနှင့် သတ်မှတ်အရည်အသွေးများနှင့်ပြည့်မီအောင် ပံ့ပိုးဆောင်ရွက်ပေးကြသည့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်မှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားမှသည် ပြည်သူများအားထားယုံကြည်ရသည့် အထူးကုဆေးရုံကြီးအဖြစ် ဆက်လက်ရပ်တည်နိုင်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန်နှင့် အထူးကုဆေးရုံကြီး၏ အဆောက်အဦသစ်လွင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ ကျန်းမာရေးဝန်ဆောင်မှုကောင်းမွန်ခြင်းနှင့် ဆေးရုံသစ်ကြီး၏ အတွင်း/အပြင် ပတ်ဝန်းကျင်ကောင်းမွန်ခြင်း စသည့်အခြေအနေကောင်းများကို ဆေးရုံအုပ်ကြီးနှင့်တကွ ကျန်းမာရေးဝန်ထမ်းများအားလုံးက မိသားစုစိတ်ဓာတ်ဖြင့် စုစည်းညီညွတ်စွာ ရေရှည်တည်တံ့ခိုင်မြဲရေး စနစ်တကျထိန်းသိမ်းကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အဆောက်အဦနှင့်ပတ်သက်သည့်မှတ်တမ်းများအား ဆောက်လုပ်ရေးအထူးအဖွဲ့ (၁)မှ ညွှန်ကြားရေးမှူးချုပ်က လွှဲပြောင်းပေးအပ်ရာ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဖွင့်ပွဲအထိမ်းအမှတ်အမှတ်တရလက်ဆောင်အား ပေးအပ်သည်။ ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခချုပ် ဒေါက်တာသီတာလှက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တိုးချဲ့(၅)ထပ်ဆောင်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။