Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSME)နှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ အမှာစကားပြောကြား၊ လှိုင်သာယာမြို့နယ် အတွင်းရှိ စက်ရုံအလုပ်ရုံများအားသွားရောက် လေ့လာကြည့်ရှု

နေပြည်တော်  ဒီဇင်ဘာ  ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိ သူများအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေး ဦးစီးချုပ် ရုံးမှတပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ခြင်းနှင့် ကြီးကြပ်မှုကော်မတီ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီနှင့် ချေးငွေစိစစ်ရေး ကော်မတီတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်ပြီး MSME လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က MSME လုပ်ငန်းများနှင့်ပတ်သက်သည့် မူဝါဒနှင့်လမ်းညွှန်ချက်ဆိုင်ရာများ ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးမျိုးမြင့်အောင်က တိုင်းဒေသ ကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစား စက်မှု/လက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက MSME Member Card ထုတ်ပေးနေမှု ၊ MSME လုပ်ငန်းရှင်များသို့ ချေးငွေအထောက်အပံ့များ ပံ့ပိုးပေးထားမှု၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးမှု၊ စက်မှုဇုန်သတင်းအချက်အလက် စနစ်တည်ဆောက်ထားရှိမှု စသည်ကိစ္စရပ်များအား သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)က သိရှိလိုသည် များမေးမြန်းဆွေးနွေးပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးသည်။

ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃ ရက်နေ့ MSME အဖွဲ့များနှင့် တွေ့ဆုံစဉ်လမ်း ညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို သိရှိနိုင်ရန်နှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် မိမိတို့လို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံစီးပွားရေး၏ ကုန်ထုတ်လုပ်မှု၌ ၉၉ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိပြီး နိုင်ငံ၏ GDP တွင် အရေးကြီးသော အခန်းကဏ္ဍမှရပ်တည် လျက်ရှိကြောင်း၊ MSME ၏အခြေခံဖြစ်သော ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ သွင်းအားစုနှင့် လူ့စွမ်းအား အရင်းအမြစ်တို့နှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် တတ်နိုင်သရွေ့ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထုတ်ပေးလျက်ရှိကြောင်း၊ ထို့ပြင် လူ့စွမ်းအားအရင်းအမြစ် တို့အတွက် အလယ်တန်းအဆင့်နှင့်အောက် တတ်မြောက်သူများအတွက် ဝန်ကြီးဌာန (၇)ခုမှ ကာလတိုနှင့် ကာလရှည် သင်တန်းပေါင်း (၁၉၈)မျိုးအား ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ အထက်တန်းအဆင့် ပညာတတ်မြောက်ပြီး သူများအတွက် THS ၊ စိုက်ပျိုး ရေးသိပ္ပံ၊ မွေးမြူ ရေးသိပ္ပံနှင့် စက်မှုသိပ္ပံတို့ ဖွင့်လှစ်ပေးမှုအခြေအနေ၊ အဆင့်မြင့်ပညာနှင့် ပတ်သက်၍ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များအား ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဖွင့်လှစ် သင်ကြားပေးနေမှုအခြေအနေ၊ ကုန်ထုတ်လုပ်မှု၊ သွင်းကုန်အစားထိုးမှုနှင့် ပို့ကုန် တိုးမြှင့်ရေးအတွက် ထုတ်ကုန်ဦးစားပေး ဆောင်ရွက်ရာတွင် ဒေသအလိုက်ထွက်ရှိ ကုန်ကြမ်း များမှတဆင့် ကုန်ချောထုတ်လုပ်နိုင်မည့် မူဝါဒကိုလည်း လက်မလွတ်စေရန် လိုအပ်သည့် အခြေအနေ၊ MSME လုပ်ငန်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၌ အေဂျင်စီဖွဲ့စည်း ပြီးဖြစ်၍ အေဂျင်စီသည် ဆက်စပ်ဝန်ကြီးဌာန (၁၁)ခု၊ လုပ်ငန်း သုံးသပ်ရေးအဖွဲ့၊ ရန်ပုံငွေစိစစ်ရေးအဖွဲ့တို့နှင့် ချိတ်ဆက်၍လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီအဆင့်ဆင့် တို့ချိတ်ဆက်တင်ပြ ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ များအားပြောကြားသည်။

ဆက်လက်ပြီး စိုက်ပျိုးရေးချေးငွေနှင့်ပတ်သက်၍ ခရိုင်(၁၄)ခု အားလုံး၌ ပေးဆပ်ရန်ကျန် ပမာဏ များပြားနေကြောင်း၊

ပေးဆပ်ရန်ရှိသည်များ အမြန်ဆုံးပေးဆပ်ရန်လိုပြီး ထိုသို့ ပေးဆပ်မှသာ လိုအပ်သူများအတွက် ထပ်မံချေးငှားခြင်းဖြင့် လုပ်ငန်းတိုးချဲ့မှုများ ဆောင်ရွက်နိုင်မည်ဖြစ်၍ စည်းရုံးဆောင်ရွက်ခြင်း၊ ဥပဒေနှင့်အညီ တောင်းခံခြင်းများ ဆောင်ရွက်ရန်လိုကြောင်း။

တိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း ၂ဝ၂ဝ၊ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တို့၏ မိုးရွာသွန်းရက်နှင့် မိုးရေချိန်များသည်များစွာ ကွာခြားမှုမရှိကြောင်း၊ သို့ရာတွင် အဓိကစိုက် ပျိုးသီးနှံဖြစ်သည့် စပါးနှင့်ပဲမျိုးစုံစိုက်ဧက လျာထားချက်ကို မြို့နယ်အားလုံး ပြည့်မီခြင်းမရှိသလို အထွက်နှုန်းမှာလည်း ပန်းတိုင် အထွက်နှုန်း ကိုပြည့်မီရန် လိုအပ်နေသေး သည်ကိုတွေ့ရပါကြောင်း၊ စိုက်ဧကတိုးချဲ့မှု အစားလက်ရှိစိုက်ဧကအား သီးနှံအထွက် ပိုမိုတိုးမြှင့်ရေး ကြိုးပမ်းရန်လိုအပ်ကြောင်း၊ သီးနှံတိုးတက် ထုတ်လုပ်နိုင်ရေး မျိုးကောင်း မျိုးသန့်များ ပြောင်းလဲအသုံးပြုရန် လိုအပ်မှု၊ သွင်းအားစု၊ လိုအပ်ရေပမာဏ ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး ကိုဂရုပြုရန် လိုသလို စိုက်ပျိုး ရာတွင်လည်း နိုင်ငံတကာဈေး ကွက်အထိ အဆင့်မီ တင်ပို့နိုင်ရေး Good Agriculture practice(GAP) အသိပညာသိရှိအောင် စိုက်ပျိုးသူများကို ပညာ ပေးရန်လိုကြောင်း။

သမဝါယမအသင်းဖွဲ့စည်းမှုနှင့် ပတ်သက်၍ ဆောင်ရွက်နိုင်မှုအပေါ် ကျေနပ် အားရဖွယ် တွေ့ရှိရကြောင်း၊ ကုန်ထုတ်လုပ်မှု သမဝါယမအသင်း (၉၇၄)သင်း၊ ကုန်သွယ်မှု သမဝါယမအသင်း (၉၁၁)သင်းနှင့် ဝန်ဆောင်မှု သမဝါယမ အသင်း (၆၄၉) သင်း စုစုပေါင်း (၂၅၃၄)သင်း အထိဖွဲ့စည်း၍လုပ်ငန်းများ လည်ပတ်နေသည်ကို သိရ၍ ယခုထက်အောင် မြင်အောင် တိုးချဲ့ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ MSME လုပ်ငန်းများ၏ အဓိကအခက်အခဲများတွင် ချေးငွေရယူလိုမှုနှင့် ချေးငွေ သက်တမ်း တိုးလိုမှုကို တွေ့ရပြီး မှန်ကန်စွာဖြေရှင်းနိုင်ရန်မှာ ချေးငွေကို အချိန်မှန် ပေးဆပ်ရန်ပင် ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ မြေနေရာရရှိလိုမှုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဆန်စပါးအဓိကထုတ်လုပ် သောနိုင်ငံဖြစ်၍ လယ်မြေနှင့် ပတ်သက်လျင် အခြားနည်းသုံးစွဲရန် ခွင့်မပြုကြောင်းကို နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားထား ပြီးဖြစ်ကြောင်း၊ အလားတူ စက်မှုဇုန်သည် ကုန်ထုတ်လုပ်မှုအတွက် ရည်ရွယ်ထူထောင်ထားခြင်းဖြစ်၍ လူနေအိမ်ရာနှင့် ရပ်ကွက်အဖြစ်သို့ ပြောင်းလဲ၍ မရပါကြောင်း၊ မဖြစ်သင့်ပါကြောင်း၊ တတိယအချက်မှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြစ်ပြီး နိုင်ငံ၏လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအခြေအနေအရ လုံလောက်မှု မရှိသေးကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ လျှပ်စစ်ဓာတ်အား လုံလောက်ဖူလုံစေရေး၊ ရေအားလျှပ်စစ်၊ ဆိုလာစနစ်မှစ၍ အနုမြူစွမ်းအင်သုံး အသေးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအထိ နိုင်ငံတော်မှ စီမံဆောင်ရွက် နေပါကြောင်း၊ လတ်တလောအခြေအ နေအရ လျှပ်စစ်ဓတ်အားမရှိလျင် ကုန်ထုတ်လုပ် မှုကိုလည်း ဆောင်ရွက်နိုင် မည်မဟုတ်သဖြင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ဖြစ်စေ ဆိုလာစနစ်၊ လေအား လျှပ်စစ်နှင့် ဒီဇယ်သုံး လျှပ်စစ်ဓတ်အားများကိုလည်း တစ်ပိုင် တစ်နိုင်စီမံဆောင် ရွက်ကြရန်နှင့် လိုအပ်ချက် များကိုဖွဲ့စည်းထားပြီး အေဂျင်စီက လိုအပ်သလိုပေါင်းစပ်ညှိနှိုင်းပေးရန် လိုကြောင်း။

MSME လုပ်ငန်းများတွင်အသေးစားလုပ်ငန်းများသည် Export ထုတ်ရန် မလိုဘဲပြည်တွင်း သုံးစွဲမှုနှင့် အလတ်စား၊ အကြီးစားလုပ်ငန်းများတွင် လိုအပ်သော လုပ်ငန်းသုံး ပစ္စည်းများကို ချိတ်ဆက်ဖြည့်ဆည်းနိုင်ရေး စဉ်းစားဆောင်ရွက် ရန်လိုကြောင်း၊ MSME လုပ်ငန်းဆောင် ရွက်မှုနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ကိန်းဂဏန်း Data အချက်အလက် ပြည့်စုံစွာဖြင့် ဆွေးနွေးအဖြေ ထုတ်နိုင်ပါက ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၂)နောက်ပိုင်း တိုးတက်မှုကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ၏ ထုတ်ကုန်များကို ပြပွဲပြိုင်ပွဲ တစ်မျိုးတည်းသာ ဆောင်ရွက်ပါက မိမိထုတ်ကုန် Production ပိုင်းသာ ဖော်ပြနိုင်မည်ဖြစ်၍ Trade ပြပွဲနှင့် ပူးတွဲဆောင်ရွက်မှသာ Trade ပြပွဲကမိမိ ထုတ်ကုန်ကို အရောင်းမြှင့်တင်နိုင် မည့် ဈေးကွက် Promotion ကိုလည်း တစ်ပါတည်းဆောင်ရွက်နိုင်မည်ဖြစ်၍ နောင်တွင် MSME ပြပွဲပြိုင်ပွဲအား Trade ပြပွဲနှင့်ပါ ပူးတွဲကျင်းပြခြင်း၊ မိမိတိုင်း ဒေသကြီးတစ်ခုတည်း သာမဟုတ် ဘဲ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ် အေဂျင်စီများမှတဆင့် လုပ်ငန်းရှင်များကိုလည်း ပြပွဲပြိုင်ပွဲ များသို့ ဖိတ်ခေါ်ဆောင်ရွက်ပါကMSME ၏ တိုးတက်မှုမှာ ထုတ်ကုန်ပိုင်းရော၊ ဈေးကွက် ရရှိမှုပိုင်းမှာပါ ပြည့်စုံစေနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ရန်ကုန်မြို့အား နိုင်ငံ၏ စီးပွား ရေး မြို့တော်အဖြစ် သတ်မှတ်ထားပြီးဖြစ်၍ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကဒေါက်တိုင် အဖြစ်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်ရန် တစ်ဦးတစ်ယောက်ဖြင့်ဆောင်ရွက်၍ မရနိုင်သဖြင့်လူတန်းစား အလွှာအသီးသီး အားလုံးပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

MSME ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင်လှိုင်သာယာမြို့ နယ်အတွင်းရှိ FAME ဆေးဝါးစက်ရုံ၊ OK ဆီသွပ်ဗူးနှင့် ခေါက်ဆွဲခြောက်စက်ရုံ၊ ထူးသစ် ငါး/ပုစွန်မွေးမြူရေး အစာတောင့်စက်ရုံ၊ ရွှေငါး ငါးမုန့်စက်ရုံ၊ TOP သီဟိုလ်စေ့စက်ရုံများသို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် ရွှေဥက္ကံကျေးရွာအုပ်စု၊ စက်မှုဇုန် (၃)ရှိ မြန်မာ့တိုင်းရင်း ဆေးထုတ်လုပ်သည့် FAME တိုင်းရင်းဆေးဝါးစက်ရုံသို့ရောက်ရှိရာ Pharmaceuticals ၏ Managing Director ဒေါက်တာ ခင်မောင်လွင်က စက်ရုံခန်းမတွင် FAME ဆေးဝါးစက်ရုံမှ ထုတ်လုပ်သော ထုတ်ကုန်များ၊ စက်ရုံအတွင်း ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြသသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း ဆေးဝါးများ ထုတ်လုပ်နေမှုများ၊ သုတေသန စမ်းသပ်ခန်းများနှင့် ထုတ်ကုန် ပစ္စည်းများ အရည်အသွေးစစ်ဆေး ဆောင်ရွက်နေမှု စသည်တို့အား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် အမှတ်(၁)ရပ်ကွက်၊ စက်မှုဇုန် (၇)ရှိ OK ဆီသွပ်ဗူးနှင့်ခြောက်ဆွဲ ခြောက်စက်ရုံသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် Managing Director ဒေါက်တာ ရဲသူအောင်က စက်ရုံမှထုတ်လုပ်သည့်ပစ္စည်းများ ထုတ်လုပ်ပုံအဆင့်ဆင့်အား ရှင်းလင်း တင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်အဖွဲ့ဝင် များသည် စက်ရုံအတွင်း ကုန်ပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် စက်ရုံအတွင်း ထုတ်လုပ်ပုံ အဆင့်ဆင့် တို့အား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် ရွှေလင်ဘန်းစက်မှုဇုန်ရှိ ထူးသစ်အစာတောင့်စက်ရုံသို့ရောက်ရှိရာ Managing Director ဦးဇော်လင်းက စက်ရုံဆိုင်ရာ အချက်အလက်များ၊ စက်ရုံထုတ်ပစ္စည်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း ကုန်ပစ္စည်းများ သိုလှောင်ထားရှိမှု ငါး၊ပုစွန် အစာတောင့်များ ထုတ်လုပ်၊ ထုတ်ပိုးထားရှိမှုများအား လိုက်လံကြည့်ရှုလေ့လာ ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ရွှေငါး ငါးမုန့်စက်ရုံနှင့် TOP သီဟိုလ်စေ့စက်ရုံသို့ ရောက်ရှိကြရာ စက်ရုံအစည်းအဝေးခန်းမများတွင် စက်ရုံများအလိုက် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု ၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စက်ရုံလုပ်ငန်းခွင်များအတွင်း စားသောက်ကုန်ပစ္စည်းများ အဆင့်ဆင့်ထုတ်လုပ်၊ထုတ်ပိုး ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု လေ့လာ ခဲ့ကြပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။